သမ္မတအိုဘားနှင့် သမ္မတဦးသိန်းစိန်အိမ်တော်တွင်တွေ့ဆုံပွဲ

အိမ်ဖြူတော် ဘဲဥပုံရုံးခန်း၌ နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပြီးနောက် သတင်းစာ ရှင်းလင်းပွဲတွင် နိုင်ငံတော်သမ္မတကြီး၏ ရှင်းလင်းပြောကြားချက်
(ရှေ့ကို ဆက်လျှောက်ပြီး New Myanmar ထူထောင် တည်ဆောက်မည်)


ယခုလို ကျွန်တော့်ကို အမေရိကန်ပြည်ထောင်စုကို လာရောက်ဖို့ ဖတ်ကြားတဲ့အတွက် ကျေးဇူး ဥပကာရ အထူးပဲ တင်ရှိပါတယ်။ ဒါဟာ ဒီစီကို ပထမဆုံး ရောက်ဖူးတာဖြစ်သလို အိမ်ဖြူတော်ကိုလည်း ပထမဆုံး ရောက်ဖူးတာ ဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ ဆောင်ရွက်နေတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွေ၊ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်တွေအကြောင်း ဆွေးနွေးခွင့် ရတဲ့အတွက် ကျွန်တော့်အနေနဲ့ များစွာ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုဟာ ကျွန်တော်တို့နိုင်ငံ လွတ်လပ်ရေး မရခင် (၁)နှစ်အလို ၁၉၄၇ ခုနှစ်ကစတင်ပြီး သံတမန်အဆက်အသွယ် ရှိခဲ့ပါတယ်။ ဟိုတုန်းကလည်း အကြီးအကဲတွေ လာရောက်လည်ပတ်ခဲ့တာတွေ ရှိခဲ့ပါတယ်။ အမှန်တော့ သမိုင်းကြောင်းအရ ရင်းနှီးပြီးသား နိုင်ငံတွေ ဖြစ်ပါတယ်။

သို့သော်လည်းပဲ ကျွန်တော်တို့ နှစ်နိုင်ငံရဲ့ ဆက်ဆံရေးမှာ အကြောင်းကြောင်းတွေကြောင့် အခက်အခဲတွေ ကြုံတွေ့ခဲ့ရတာ ရှိပါတယ်။ အခု ကျွန်တော်ဆိုရင် မြန်မာနိုင်ငံရဲ့ အကြီးအကဲ တစ်ယောက်အနေနဲ့ နှစ်ပေါင်း(၅၀)အတွင်းမှာ အခုလို အမေရိကန်ကို လာခွင့် ရတာ ဖြစ်ပါတယ်။ ဒါလည်း သမ္မတကြီး ဖိတ်ကြားပေးတဲ့အတွက် ခုလို လာရောက်နိုင်ခြင်း ဖြစ်ပါတယ်။

မြန်မာနို်င်ငံမှာ ဒီကနေ့တော့ ဒီမိုကရေစီစနစ်ကို ပြောင်းလဲကျင့်သုံးနေပြီ ဖြစ်တဲ့အတွက်ကြောင့် အမေရိကန်ပြည်ထောင်စုနဲ့လည်း နိုင်ငံရေးစနစ်ချင်း တူညီမှု ရှိနေပြီ လို့ ပြောလို့ ရပါတယ်။

ကျွန်တော်တို့ အစိုးရသက်တမ်းဟာ (၂)နှစ် ရှိသွားပါပြီ။ (၂)နှစ်တာ ကာလအတွင်းမှာ နိုင်ငံရေး ပြောင်းလဲမှုတွေ၊ စီးပွားရေးပြောင်းလဲမှုတွေ ကျွန်တော်တို့ ကြိုးပမ်း ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော်တို့မှာ ဒီမိုကရေစီနဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေ၊ အလေ့အကျင့်တွေ နည်းနေပါသေးတယ်။ အောင်မြင်မှုတွေ ရှိခဲ့သလို အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ လည်း ကြုံတွေ့ခဲ့ရပါတယ်။

ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ခုလို ဆက်ဆံရေးကောင်းမွန်ဖို့အတွက် သမ္မတကြီးရဲ့ မူဝါဒချမှတ်ပြောင်းလဲပေးမှုအပေါ် မူတည်ပါတယ်။ သမ္မတကြီးကိုလည်း ကျွန်တော်တို့ (၂)နိုင်ငံရဲ့ ဆက်ဆံရေးကို ဖော်ဆောင်ပေးတဲ့ အတွက် အင်မတန်မှ ကျေးဇူးတင်ပါတယ်။

ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအနေနဲ့ ခုလို (နိုင်ငံရေး၊ စီးပွားရေး)စနစ်ကို ပြောင်းလဲတဲ့ အခါမှာ အခက်အခဲ မျိုးစုံ ရှိပါတယ်။ ဒီထဲမှာ ဆင်းရဲနွမ်းပါးမှုနှုန်း မြင့်မားနေတာတွေ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ နည်းပါးနေတာတွေ၊ လူတွေရဲ့ ဒီမိုကရေစီအတွေ့အကြုံ၊ ဒီမိုကရေစီအလေ့အကျင့်တွေ နည်းပါးနေတာတွေ၊ အရည်အချင်းရှိတဲ့ လူလတ်တန်းစားတွေ နည်းပါးနေတာတွေကြောင့် နိုင်ငံတော်ကို ပြောင်းလဲထူထောင်တဲ့အခါမှာ အခက်အခဲ မျိုးစုံကို ကျော်ဖြတ်ပြီး ဆောင်ရွက်နေရပါတယ်။ သို့သော်လည်းပဲ တစ်ချို့အခက်အခဲတွေကို စာနာထောက်ထားပြီးတော့ အမေရိကန်သမ္မတကြီးအနေနဲ့လည်း တစ်ချို့ဟာတွေ ကူညီဆောင် ရွက်ပေးတဲ့အတွက်ကြောင့် အခက်အခဲတွေကို ကျော်လွှားနိုင်တဲ့ အခြေအနေတွေလည်း ရှိလာပြီ ဖြစ်ပါတယ်။

သမ္မတကြီးနဲ့ ကျွန်တော်တို့ ဆွေးနွေးကြတာဟာ စောစောက သမ္မတကြီး ပြောသွားသလိုပါပဲ ဥပဒေရေးရာကိစ္စတွေ၊ တရားဥပဒေစိုးမိုးရေးအပိုင်းတွေ၊ ရဲတပ်ဖွဲ့နဲ့ တပ်မတော် အရည်အသွေး မြင့်မားရေးကိစ္စတွေ၊ ဆင်းရဲနွမ်းပါးတဲ့တောင်သူလယ်သမားတွေရဲ့ ဘဝကို မြှင့်တင်ပေးမယ့်ကိစ္စတွေ၊ ပညာရေး၊ ကျန်းမာရေး ကိစ္စတွေ၊ ကဏ္ဍစုံ ဆွေးနွေးပြီး အမြင်ချင်း ဖလှယ်နိုင်ခဲ့ပါတယ်။

သမ္မတကြီးရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ သဘောထားတွေ၊ အမြင်တွေ သိရှိရတဲ့အတွက်ကြောင့် ဆွေးနွေးမှုဟာ အင်မတန်မှ အကျိုးရှိတဲ့ ဆွေးနွေးပွဲ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ခရီးစဉ်ဟာ အင်မတန်မှ အကျိုးရှိတဲ့ ခရီးစဉ် တစ်ခု ဖြစ်တယ်လို့ ပြောချင်ပါတယ်။

ဒီမိုကရေစီ ရှေ့ကို ဆက်လက် ရှင်သန်ဖွံ့ဖြိုးဖို့အတွက် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ၊ ဒါတွေ ကျွန်တော်တို့ လုပ်နေပါတယ်။ နိုင်ငံရေးနဲ့ စီးပွားရေး ဆိုတာလည်း တစ်ခုနဲ့တစ်ခု ခွဲခြားလို့ မရပါဘူး။ ကျွန်တော်တို့ ခွန်အားနဲ့ နိုင်တာတွေ ကျွန်တော်တို့ လုပ်နေသလို တစ်ဘက်ကလည်း ကျွန်တော်တို့ကို ထောက်ခံအားပေးတဲ့ ပြည်ပက ခွန်အားတွေ ကျွန်တော်တို့ ရယူပြီးတော့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။

ပြောချင်တာကတော့ ဒီမိုကရေစီစနစ် ရှေ့ကို ဆက်လက် ရှင်သန်ဖွံ့ဖြိုးဖို့အတွက် သမ္မတကြီး မကြာခဏ ပြောဖူးသလိုပါဘဲ FORWARD ဆိုတဲ့အတိုင်းပဲ MOVE FORWARD ဆိုပြီးတော့ ကျွန်တော်တို့ သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီမိုကရေစီ နိုင်ငံသစ်၊ မြန်မာနိုင်ငံသစ် New Myanmar ကို ထူထောင်တည်ဆောက်နိုင်ဖို့ ရှေ့ကို ဆက်လက်လျှောက်လှမ်းသွားမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

Read More : http://www.whitehouse.gov/the-press-office/2013/05/20/remarks-president-obama-and-president-thein-sein-myanmar-after-bilateral

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s