ဘယ်က၊ ဘာကြောင့်၊ ဘယ်လိုနှင့် ဘယ်သို့ (From Where, Why, How and To Where)

ဘယ်က၊ ဘာကြောင့်၊ ဘယ်လိုနှင့် ဘယ်သို့
(From Where, Why, How and To Where)
MMSYမှာ ကုလားအခေါ်အဝေါ်နှင့် ပတ်သက်ပြီး ဆွေးနွေးနေကြတာ အင်မတန် စိတ်ဝင်စား စရာ   ကောင်းပါတယ်။
ဘယ်ပြသနာကိုဘဲဖြစ်ဖြစ် ဖြေရှင်းဖို့ ချဉ်းကပ်တဲ့အခါ ဖြစ်စေချင်တာ၊ ဖြစ်သင့်တာတွေတင်သာမက ဘယ်ကစခဲ့သလဲ၊ ပြသနာရဲ့ အရင်းအမြစ်နှင့် အချိန်နှင့်အမျှ အဓိပ္ပါယ် ဖွင့်ဆိုပုံ၊ ခံစား တုန့်ပြန်ပုံ   ပြောင်းလဲလာမှု၊ ဘာကြောင့် ဆက်လက် ဖြစ်နေရသလဲစတဲ့ အချက်အလက်တွေကိုပါ ကျယ်ကျယ်ပြန့်ပြန့် ထဲ့သွင်းစဉ်းစားနိုင်လေ ပိုကောင်းလေ ဖြစ်ပါတယ်။
အချက်အလက် (Facts)တွေ အကြောင်း အရင်ပြောကြည့်ချင်ပါတယ်။
၁။ကုလားဆိုတာ သမိုင်းဝင် ဝေါဟာရ၊ သမိုင်းအစဉ်အလာအရ သုံးစွဲခဲ့တဲ့ အသုံးအနှုံးဖြစ်တယ် ဆိုတာကို လက်ခံပေးရပါမယ်။ လူကို ခေါ်ရုံတင်မက နေ့စဉ် အသုံးအနှုံးတွေမှာလည်း ထဲထဲဝင်ဝင် ရှိနေပြီး ဖြစ်တယ်။ ဥပမာ ကလထိုင်(ကုလားထိုင်)၊ ကလအုတ်(ကုလားအုတ်)၊ ကလတက် (ကုလားတက်)၊ ပဲကလားဟင်း(ပဲကုလားဟင်း)၊ ကလအော်(ကုလားအော်) ငရုပ်သီး၊ ကလဖန်ထိုး(ကုလားဖန်ထိုး)၊ သရက်သီး ကလတည်(ကုလားတည်) စသဖြင့် ဖြစ်ပါတယ်။
၂။ မူလက ခွဲခြားနှိမ့်ချခြင်း သဘောနှင့် သုံးစွဲခဲ့ခြင်း မဟုတ်ရုံသာမက အထင်ကြီး လေးစားခြင်း သဘောပင် ရှိနေခဲ့တယ်။ (ဘာသာ၊ စကား၊ ဓလေ့မတူတဲ့ တစိမ်းတရံစာတွေကို ချက်ချင်းဘဲ   ဆွေမျိုးရင်းချာလို သဘောထားတဲ့အတွက် ကုလလို့ ခေါ်ရာက ကုလားဖြစ်လာတယ် ဆိုတာ ကတော့ သိပ်ယုတ္တိကျမယ် မထင်ပါဘူး။ လှေ၊ သင်္ဘောကြီးတွေနှင့် ကူးလာတာမို့ ကူးလာက ကုလားဖြစ်လာတယ်ဆိုတာ ပိုသဘာဝ ကျပါလိမ့်မယ်။ ရှေးကာလက ကမ်းမမြင် လမ်းမမြင် လှိုင်းလေထန် အန္တရာယ်ကြီးမားတဲ့ ပင်လယ်ပြင်ကို သက်စွန့်ဆံဖျား လနှစ်ချီ၍ ကုန်သွယ် ကူးသန်းသူများသည် အားအင် ချိနဲ့သူ၊ သူရဲဘောကြောင်သူ၊ အသိပညာ၊ အတတ်ပညာမဲ့သူများ ဖြစ်မလား။ ရဲရင့်သူ၊ ကျန်းမာသန်စွမ်းသူ၊ ခက်ခဲကြမ်းတမ်းသော ခရီးအတွက် ဇွဲသတ္တိရှိသူ၊ တတ်သိ ကျွမ်းကြင်သူများဖြစ်မလားဆိုတာ ဆင်ခြင်နိုင်ကြပါတယ်။ ကြမ်းပြင်မှာ မထိုင်၊ ခုန်နဲ့ ထိုင်တတ်တဲ့အတွက် ကုလားထိုင်၊ နေနာရီ၊ ရေနာရီ၊ သဲနာရီတို့ထက် ပိုမိုတိကျတဲ့ စက်နာရီကို ကုလားနာရီလို့ ခေါ်ခြင်းများမှာလည်း နှိမ့်ချသော သဘော၊ အဓိပ္ပါယ် မတွေ့ရပါ။)
၃။ ယခုအခါမှာတော့ ခွဲခြားနှိမ့်ချခြင်းသဘောဖြင့် အထင်အရှား သုံးစွဲနေပြီ ဖြစ်တယ်။ လူလူချင်း၊ ကိုယ့်နိုင်ငံသားအချင်းချင်း၊ နင်းနှိမ့် ခွဲခြားကာ ကုလားဆိုလျှင် မိမိနှင့် တန်းတူ၊ အဆင့်တူ လူသား တစ်ဦးဟုပင် မသတ်မှတ်ချင်သူများ အများအပြား ရှိနေပါပြီ။
၎။ထို့ကြောင့် ကုလားဟု အမည်တပ် ခေါ်ဝေါ်သုံးစွဲခြင်းကို ကျနော်တို့ လုံးဝ လက်မခံနိုင်ပါ။
ဘယ်လို ခေါ်စေချင်သလဲ။
ကျနော်တို့ မခေါ်စေချင်တာကို မခေါ်ကြရအောင်၊ ခေါ်စေချင်သလို အများက ခေါ်လာအောင် ကြိုးစားတဲ့အခါ နည်းမှန် လမ်းမှန်ဖြစ်ဖို့ အင်မတန် အရေးကြီးပါတယ်။ သို့သော် ကုလားထိုင်ကို လူထိုင်၊ ကုလားအုတ်ကို သဲကန္တာရ သင်္ဘော၊ ပဲကုလားဟင်းကို ပဲပသီဟင်း၊ ကုလားတက် ကို မြန်မာမွတ်စလင်တက် စသဖြင့် ကုလားပါတဲ့ ဝေါဟာရတိုင်းကို အတင်းပြောင်းခိုင်းတာ မျိုးတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဟိန္ဒူတွေ၊ အနောက်တိုင်းသားတွေ၊ အသားမဲသူတိုင်း၊ မွတ်စလင်တိုင်းတွေကိုလည်း ကုလားခေါ်တတ်တာကိုလည်း သတိမူဖို့ လိုပါတယ်။ အခေါ်ခံရသူတွေ တစ်ဦးနှင့် တစ်ဦး မတူသော်လည်း အားလုံးကို ခွဲခြားနင်းနှိမ့်ခြင်းသဘောနှင့် တပြေးညီ သုံးစွဲနေမှုကတော့ တူနေပါပြီ။ ထိုင်းတက္ကသိုလ်တစ်ခုမှာ စာသင်နေတဲ့ဆရာ ဥရောပသား လူဖြူတစ်ယောက် ဗလီတက်နေတာ ရုတ်တရက် တွေ့လိုက်တော့   မြန်မာကျောင်း သားတစ်ဦးက “ဟ ဒီဆရာက ကုလားဘဲ”လို့ ချက်ချင်း ကင်ပွန်းတပ်လိုက်တာမျိုးလည်း ကြားဖူး ပါတယ်။ မိမိ အထင်ကြီး လေးစားတဲ့ တက္ကသိုလ်ကျောင်းဆရာ ဥရောပတိုက်သား လူဖြူကို မွတ်စလင်ဖြစ်တယ်ဆိုတာ သိလိုက်တာနှင့် တပြိုင်နက် လေးစားခဲ့မိတာ မှားလေခြင်းဆိုတဲ့ သဘောမျိုးဖြင့်  ချက်ချင်း အမြင်ပြောင်း အထင်သေးသွားသော လူလူချင်း ခွဲခြားတတ်တဲ့ စိတ် (Racism)ကို အထင်အရှား သိမြင်နိုင်ပါတယ်။
ယခင်က ပြည်မအရပ်မှာ ထောင်ကဲဆိုတာ တရုပ်တွေကို ပျက်ရယ် နှိမ်ချ ခေါ်ဝေါ်တာဖြစ်ပေမဲ့ ထိုင်းနယ်စပ်မှာ သြဇာကြီးတဲ့ သူဌေးကို လေးစားအထင်ကြီးမှုနှင့် ခေါ်ကြောင်း သိရတော့ အံ့သြမိခဲ့ဘူးပါတယ်။ ငါဗမာကွလို့ မြန်မာပြည်မှာ ဂုဏ်ယူတတ်ကြပေမဲ့ ထိုင်းနိုင်ငံမှာ ဗမာ(ဖမား)လို့ လူသိ သိပ်မခံချင်ကြပါဘူး။ ဒုတိယကမ္ဘာစစ်ကာလ မတိုင်မီက ကမ္ဘာမှာ မိမိကိုယ်ကို ဂျူးပါဟု ဂုဏ်ယူပြောရဲသူ အင်မတန် ရှားပါလိမ့်မယ်။ ယနေ့ ကမ္ဘာ့နေရာ အတော်များများမှာ ဂျူးတွေ အင်မတန် မျက်နှာပန်း လှနေပါပြီ။
ထောင်ကဲချင်းအတူတူ ဒေသကွဲတာနှင့် အမြင်ကွဲတာ၊ ဂျူးချင်းအတူတူ ခေတ်ခြားတာနှင့် အမြင်ခြားတာ၊ လူချင်းအတူတူ ဘာသာမတူတာနှင့် အဆင့်တူ မထားတာတွေ ဘာကြောင့်   ဖြစ်နေရပါသလဲ။ တစ်ကယ်တော့ ဒီဝေါဟာရ အသုံးအနှုံးတွေကို လူ့အဖွဲ့အစည်းတစ်ခုက ဘယ်လိုနားလည်ခံစားသလဲ၊ လက်ခံသုံးစွဲသလဲ ဆိုတာက အင်မတန် အဓိကကျပါတယ်။ ဒီအမြင်မျိုး(Stereotype)တွေကို ဥပဒေနှင့် တားမြစ်တိုင်းလည်း အလုပ်မဖြစ်တတ်တာကို ကမ္ဘာ အနှံ့မှာ တွေ့မြင်နိုင်ပါတယ်။ အမေရိကန်မှာ နစ်ဂါ(Nigger)ဆိုတဲ့ အသုံးအနှုံးကို ဘယ်သူမှ တရားဝင် ခေါ်ဝေါ် မသုံးစွဲရဲကြပေမဲ့ အရပ်ထဲမှာ စိတ်အခန့် မသင့်ရင်၊ ဒေါသထွက်ရင် သုံးတတ်ကြ ဆဲပါ။ အကောင်းဆုံးနည်းက စည်းရုံးရှင်းပြခြင်းနှင့် တပြိုင်တည်းမှာဘဲ မိမိသည် အများနှင့် မကင်း ကွာ ဘဲ မိမိနေထိုင်ရာ လူ့အဖွဲ့အစည်းတွင်းက အဖွဲ့ဝင် တစ်ဦးဖြစ်ကြောင်း၊ လူ့အဖွဲ့အစည်းကို အကျိုးပြုနေသူဖြစ်ကြောင်းဖြင့် မိမိကိုယ်ကို တည်ဆောက် မြှင့်တင်ခြင်း ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံသားကောင်းတစ်ဦးရဲ့ တာဝန်လည်း ဖြစ်ပါတယ်။ အစ္စလာမ်ရဲ့ သင်ကြားချက်တွေနှင့် လည်း ကိုက်ညီပါတယ်။
ပသီလား။ ဇေတဘာဒီလား။ မြန်မာမွတ်စလင်လား။
ယနေ့မြန်မာပြည်က မွတ်စလင်တွေကို ပသီလူမျိုး၊ မြန်မာမွတ်စလင်လူမျိုး၊ ဇေဒဘာဒီလူမျိုးရယ်လို့ အင်္ဂလိပ်ခေတ်က သန်းကောင်စာရင်းဝင် တရားဝင် သတ်မှတ် ခေါ်ဝေါ်ထားတဲ့ အထောက် အထားတွေ အခိုင်အမာ ရှိနေပါတယ်။ ဒီအထောက်အထားတွေကို ဗိုလ်နေဝင်းနှင့် မဆလက စနစ်တကျ ဖျက်ဆီးနေခဲ့ပေမဲ့ သမိုင်းဆိုတာ ဖျောက်လို့ မရကောင်းပါဘူး။
ပသီဆိုတဲ့ ဝေါဟာရသည် ဖါရစီက ဆင်းသက်သည်ဟု ဆိုသလို၊ ပန်းသေးက ဆင်းသက်သည်ဟု ဆိုသူများလည်း ရှိပါတယ်။ မြန်မာမင်းများလက်ထက်ကတည်းက အခြေစိုက်နေထိုင်လာခဲ့သော မင်းမှုထမ်းများ၊ ကုန်သည်များမှ ဆင်းသက်လာသူများသည် မူလပထမ ပသီလူမျိုး ဖြစ်မည်ဟု ယူဆပါတယ်။ မည်သို့ပင်ဆိုစေကာမူ မြန်မာပြည်က မွတ်စလင်တွေ အားလုံးကို ပသီလို့ ခြုံပြီး   ခေါ်ဖို့က လက်တွေ့မှာ အခက်အခဲရှိနိုင်ပါတယ်။ ကမန်၊ ပန်းသေး၊ ပသျှူး၊ ရိုဟင်ဂျာ စသူတွေက သူတို့ကို ပသီလို့ သတ်မှတ်တာကို လက်ခံနိုင်မယ် မထင်သလို မိမိကိုယ်ကို ပသီအစစ်ဖြစ်တယ်လို့ ခံယူထားသူတွေကလည်း အခြားသူတွေ ပသီအမည်ခံလာတာကို ကြိုက်နှစ်သက်ပါ့မလားဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်။
ဇေတဘာဒီကို အကြမ်းအားဖြင့် ကပြားလို့ ယူကြပေမဲ့ ဖါရစီစကားဖြစ်တဲ့ ရွှေနိုင်ငံသား သို့မဟုတ် (အောက်လေ)မုတ်သုန်လေက ဆင်းသက်လာကြောင်း ဆရာဦးမောင်ကို ဂဖာရီက ရှင်းပြပါတယ်။
မြန်မာမွတ်စလင် လူမျိုးဆိုတာ သမိုင်းဝင် အသိအမှတ်ပြုခံ အသုံးအနှုံးဖြစ်ပေမဲ့ ဒီဝေါဟာရရဲ့ အကြီးဆုံး ချွတ်ယွင်းချက်က လူမျိုးအမည်နှင့် ဘာသာအမည်ကို တွဲထားခြင်း ဖြစ်ပါတယ်။ ကရင်၊ ဗမာ၊ ရှမ်း စတဲ့ လူမျိုးမှန်သမျှသည် မိမိနှစ်သက်ရာဘာသာကို ကိုးကွယ်နိုင်ကြသည်ချည်းဖြစ်ပါ တယ်။ ကိုးကွယ်ရာ ဘာသာပြောင်းတာနှင့် လူမျိုးအမည်ကို လိုက်ပြောင်းပေးဖို့ မလိုပါဘူး။ မြန်မာမွတ်စလင် လူမျိုးဟု ကျနော်တို့ လက်ခံ သတ်မှတ်မယ် ဆိုပါစို့။ မြန်မာမွတ်စလင်လူမျိုး တစ်ဦးဦးက ခရစ်ယန်၊ ဗုဒ္ဓဘာသာသို့ ပြောင်းလဲကိုးကွယ်တဲ့အခါ လူမျိုးက မြန်မာမွတ်စလင်လူမျိုး၊ ကိုးကွယ်တာက ဗုဒ္ဓဘာသာ၊ ခရစ်ယန်ဘာသာ စသဖြင့် ဖေါ်ပြမယ်ဆိုရင် အင်အတန် ဂွကျပါ လိမ့်မယ်။ မွတ်စလင်ဆိုတဲ့ စကားလုံးက အစ္စလာမ်ကို လက်မခံ ငြင်းပယ်လိုက်တာနှင့် ဘယ်လိုမှ ဆက်လက်ဒွန်တွဲထားလို့ မရနိုင်တာကို အားလုံးသိကြပါတယ်။ မွတ်စလင်ဆိုတာ အစ္စလာမ်ကို လက်ခံတဲ့ တရုပ်၊ မလေး၊ နာဂ၊ ဖိလစ်ပင်း၊ အဖြူ၊ အမဲ၊ အဝါ မရွေးကို သတ်မှတ်တာ ဖြစ်ပါတယ်။ တစ်ဖက်ကလည်း မြန်မာခရစ်ယန်လူမျိုး၊ မြန်မာဟိန္ဒူလူမျိုး စသဖြင့် အပြိုင်အဆိုင် ဖြစ်လာရင် ဘာသာရေးနှင့် လူမျိုးရှုပ်ထွေးပြီး လူ့အဖွဲ့အစည်းကို အသေအချာ အကျိုးယုတ်စေနိုင်ပါတယ်။
မြန်မာပြည်ကို ရှေးပဝေဏီက လူမျိုးနွယ်စုကြီး (၃)စုသာ ဝင်ရောက်လာပြီး အခုလူမျိုးပေါင်း ၁၃၅(ယခင်က ၁၄၄ရှိခဲ့ရာမှ ဗိုလ်ချုပ်နေဝင်းက မွတ်စလင်တိုင်းရင်းသား ပသျှူး၊ ပန်းသေး၊ မြေဒူး၊ ၃၇၀၀၊ ရိုဟင်ဂျာ စသည်တို့ကို ပယ်ဖျက်ခဲ့) ရှိနေပါပြီ။ နောင်တစ်ချိန်ချိန်မှာ ယနေ့မြန်မာမွတ်စလင် အပါအဝင် အခြားလူမျိုးသစ်တွေအတွက် လူမျိုးအမည်သစ်တွေ ထပ်တိုးကောင်း တိုးနိုင်ပါတယ်။ သို့သော် အခုအကြောင်းကို အခုပြောကြရအောင်ပါ။
မဂို၊ ပထန်၊ ကျိုလီယာ၊ စူရတီ၊ ဂူဂျရာတီ၊ ဘင်္ဂါလီ၊ ပသီ၊ ကမန်၊ မေမန်၊ ရိုဟင်ဂျာ၊ ပန်းသေး၊ ပသျှူး၊ မြေဒူး၊ ၃၇၀၀လူမျိုး စသဖြင့် မိမိကိုယ်ပိုင် လူမျိုးအမည်ကို ဆက်လက်ခံယူလိုသူတွေ ခံယူနိုင်ကြပါတယ်။ ဒီနေရာမှာ လူမျိုးပေါင်းစုံ တိုင်းရင်းသားတွေနှင့် သွေးချင်းဆက်နေကြကာ တစ်ဆက်တည်းမှာဘဲ အစ္စလာမ်ဘာသာကို မြတ်နိုး ယုံကြည် ကိုးကွယ်နေကြတဲ့ မြန်မာပြည် တလွှား အမြို့မြို့အနယ်နယ်က သန်းနှင့်ချီ ရှိနေသော မွတ်စလင်တွေ အကြောင်းကို အဓိက ထားပြီး ဆွေးနွေးချင်ပါတယ်။ ဒီမွတ်စလင်တွေသည် မိမိတို့၏ ကံကြမ္မာ၊ ဘဝ၊ ပစ္စုပ္ပါန်၊ အနာဂတ် အစစ အရာရာကို အေးအတူ ပူအမျှ တိုင်းရင်းသားပေါင်းစုံ မြန်မာပြည်သူတွေနှင့် တသားတည်း ချိတ်ဆက် လက်တွဲထားကြသူများ ဖြစ်ပါတယ်။ ဘယ်ဘက်ကိုမှ မျက်စမပစ်၊ ဘယ်တခြားနိုင်ငံရဲ့ သစ္စာကိုမှ မခံ၊ သာသာ နာနာ၊ သေသေ ရှင်ရှင် မြန်မာနိုင်ငံသည်သာ တစ်ခုတည်းသော အမိနိုင်ငံ အဖြစ် လက်ခံယုံကြည်သူများ၊ ရင်မြေကတုတ်လုပ် အသက်ပေးကာကွယ်သူများ ဖြစ်ပါတယ်။
ဒီမွတ်စလင်တွေကို မနေ့တနေ့က ဗီဇာယူပြီး တိုင်းတပါးက လာရောက် အခြေချလာသူတွေလို ခွဲခြား နှိမ့်ချ ဆက်ဆံနေတာမျိုးက တော်လောက်ပါပြီ။ ရပ်တန်းက ရပ်ကြဖို့ လိုပါတယ်။ ဒီမွတ် စလင်တွေသည် အနည်းဆုံး ဆယ်စုနှစ်ပေါင်းများစွာ၊ အများဆုံး ရာစုနှစ်ပေါင်းများစွာက လာရောက်အခြေချသူများနှင့် တိုင်းရင်းသားများ ပေါင်းစပ် ဓါးမဦးချ နေထိုင်ကြရာမှ အဆင့် ဆင့် ပေါက်ဖွား ဆင်းသက်လာသူများ ဖြစ်ပါတယ်။ ဒီမွတ်စလင်တွေမှာ မြန်မာတိုင်းရင်းသားသွေးတွေ ရှိနေသလို ဒီမွတ်စလင်တွေရဲ့ နောင်လာမဲ့ သားစဉ်မြေးဆက်တွေကလည်း မြန်မာတိုင်းရင်းသားတွေနှင့်သာ ပေါင်းဖက်ပြီး တိုင်းရင်းသားတွေ အဖြစ်သာ ပေါက်ဖွားကြမှာ ဖြစ်တယ်။ ပါကစ္စတန်၊ အိန္ဒိယ၊ အာရဗ်တွေနှင့် လက်ဆက်ကြမှာ မဟုတ်ပါဘူး။ ဒီမွတ်စလင်တွေသည် မြန်မာပြည်ရှိ အခြားမည်သည့် နိုင်ငံသား၊ တိုင်းရင်းသားများ ထက် အဆင့်နိမ့်သူများ မဟုတ်ပါဘူး။ သူတို့လိုဘဲ တိုင်းပြည်ကို ချစ်သူ၊ စောင့်ရှောက်သူ၊ တိုင်းပြည်ရဲ့ အနာဂတ်ကို ပိုင်ဆိုင်သူတွေဖြစ်တယ်။ သူတို့နှင့် အစစ အရာရာမှာ တန်းတူအခွင့် အရေးရှိသူ၊ တန်းတူ တာဝန်ရှိသူများ ဖြစ်ကြပါတယ်။
ဒီမွတ်စလင်တွေဖြစ်တဲ့ ကျုပ်တို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ကျုပ်တို့ မိဘ၊ ဘိုးဘွားတွေဖြစ်တဲ့ ဗမာ၊ ကရင်၊ ရှမ်းစတဲ့သွေးတွေ ရှိနေလို့ ကျုပ်တို့ကို ကျုပ်တို့ ဗမာ၊ ကရင်၊ ရှမ်းအဖြစ် ခံယူတာကို မည်သူထံ တွင်မှ ကန့်ကွက်တားဆီးရန် အခွင့်အာဏာ မရှိ။ တားဆီး ကန့်ကွက်မှု မှန်သမျှကို လက်မခံ။ ကျုပ်တို့ရဲ့ မွေးရာပါ အခွင့်အရေးကို မည်သူက ပေးမှ၊ သနားမှ၊ ခွင့်ပြုမှ ရနိုင်သည်ဟု ကျုပ်တို့ မည်သည့်အခါမှ မယုံကြည်။ ကျုပ်တို့ရဲ့ အခွင့်အရေးကို ကျုပ်တို့ကိုယ်တိုင် ငြိမ်းချမ်းသော၊ တရားသော၊ ကျိုးကြောင်းဆီလျော် ညီညွတ်သော နည်းလမ်းများဖြင့် ကာကွယ် ထိမ်းသိမ်းသွား မှာ ဖြစ်ပါတယ်။ ပိတ်ဆို့ တားမြစ်ရင် တားမြစ်တဲ့သူကို ရှိတဲ့ ဥပဒေဘောင်တွင်းက နည်းမှန် လမ်းမှန် ရင်ဆိုင် ဆန့်ကျင်သွားမယ် ဖြစ်တယ်။ ကျုပ်တို့ကို အကာအကွယ်ပေးမဲ့၊ အသိအမှတ်ပြုတဲ့ ဥပဒေတွေ မရှိရင်၊ ရှိလာအောင် ကျုပ်တို့ လုပ်ဆောင်သွားမယ်။
၁၉၃၀ခု၊ မေလ (၃၀)ရက်နေ့မှာ ဒိှု့ဗမာအစည်းအရုံးက ပထမဆုံး တရားဝင် ထုတ်ပြန်လိုက်တဲ့  ကြေညာချက်မှာ “ဗမာကပြားများသို့” ဟူ၍ ခေါင်းစဉ်ငယ် သီးခြားတပ်ပြီး
“အို- ငါတို့နှင့် တမြေတည်းနေ၊ တရေတည်းသောက်၊ တနိုင်ငံဘွားဖြစ်သော ဗမာကပြားအပေါင်းတို့၊ အသင်တို့သည် ဗမာပြေဘွားများဖြစ်ကြသဖြင့် စင်စစ်မှာ ဗမာများပင် ဖြစ်ကြသည် မဟုတ်ပါလော။ သို့ဖြစ်ပါလျက်နှင့် အသင်တို့အမေ (သို့မဟုတ် အဖေ) အဘိုးအဖွား စသည်တို့မှာ ဗမာနိုင်ငံသား ဗမာပြည်ဘွား၊ ဗမာပြည်သားများပင် မဟုတ်ကြပါလော။ သို့ဖြစ်ပါလျက်နှင့် အသင်တို့သည် အဘယ်ကြောင့် ဗမာများ မဟုတ်သယောင်လုပ်၍ နိုင်ငံခြားသားများကဲ့သို့ အသင်တို့ ငါတို့ တိုင်းပြည်၏အရေးကို လျစ်လျူရှုကြကာ နေစိမ့်ကြပါသနည်း။ လောကတွင် မည်သူမဆို ကိုယ်မွေးဖွါးရာဌာနကို ချစ်ခင်စမြဲဓမ္မတာတည်း။ အသို့ဖြစ်လျက် အဘယ်ကြောင့် အသင်တို့သည် ဓမ္မတာနှင့် ဆန့်ကျင်၍ ကိုယ့်အမိနိုင်ငံ၊ ကိုယ့်အဖနိုင်ငံ၊ ကိုယ့်မွေးဖွါးရာ နိုင်ငံကြီးကို မချစ်ခင်ကြဘဲ နိုင်ငံခြားသား စိတ်ဝင်ပြီးလျှင် နိုင်ငံခြားသားကဲ့သို့ နေရက်ကြကုန်ပါသနည်း။ အသင်တို့သည် အသင်တို့ မွေးဖွားရာ ဗမာနိုင်ငံကို ကိုယ့်နိုင်ငံဟု သဘောမထားကြပါလျှင် မည်သူ့နိုင်ငံကို ကိုယ့်နိုင်ငံဟူ၍ မှတ်ယူကြပါမည်နည်း။ – – – –
– – – ကိုင်း၊ အသို့ဆိုမည်နည်း၊ ဗမာတိုင်းဖွား အသင်ကပြားတို့။ အသင်တို့သည် ရှေ့ရေးကို မြော်မြင်သောအားဖြင့် ကျွန်ုပ်တို့လဲ ဗမာပါဘဲဟု ယခုပင် ဆိုလှဲ့ကြပါကုန်လော့။ အသင်တို့လည်း ငါတို့နှင့်အတူ စည်းလုံး၍ ယိုင်းပင်းဝိုင်းဝန်းကြပါကုန်လော့။ အသင်တို့ကိုယ်ကို အသင်တို့ တို့ဗမာဘဲ သဘောထား၍ ဗမာနိုင်ငံကြီးနှင့်တကွ ဗမာအမျိုးသားအကုန် ကောင်းစားအောင် ကျင့်ဆောင်ကြမည် မဟုတ်ပါလော” ဟူ၍ မြန်မာမွတ်စလင်များကို တိုင်းရင်းသားများအဖြစ် အသိအမှတ်ပြုကာ လွတ်လပ်ရေးတိုက်ပွဲဝင် သခင်လှုပ်ယှားမှုကြီးအတွင်း ပူးပေါင်းပါဝင်လာကြဖို့ သမိုင်းဝင် ဖိတ်ခေါ် တပ်လှန့်ခဲ့ပါတယ်။
တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုကြီးနှင့် ထပ်တူခံစား လက်တွဲ၍ ရှေးမြန်မာမွတ်စလင်များ တိုင်းပြည် လွတ်လပ်ရေးအတွက် ရှေ့တန်းမှ အသက်စွန့် တိုက်ပွဲဝင်ခဲ့တဲ့ အထောက်အထားတွေ မြန်မာ့သမိုင်းမှာ ရေးမကုန်အောင် အထင်အရှားရှိနေပါတယ်။ တကသ၊ ဗကသဆိုတဲ့ ကျောင်းသားသမိုင်း၊ တို့ဗမာအစည်းအရုံးဆိုတဲ့ သခင်သမိုင်း၊ လွတ်လပ်ရေး တိုက်ပွဲဝင် အာဇာနည်သမိုင်းသာမက တိုင်းပြည်ထူထောင်ရေး၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ အားကစား စသဖြင့် ကြိုက်တဲ့သမိုင်းကို ရေးပါ။  မြန်မာမွတ်စလင်တွေ ရှေ့တန်းက ဦးဆောင်ပါဝင်မှု အခန်းကဏ္ဍကို ချန်လှပ်ပြီး ရေးလို့ ရကို မရပါဘူး။ ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် အသေခံ တိုက်ပွဲဝင်တုန်းကတော့ အတူတူပါဘဲလို့ ဆိုခဲ့ကြပြီး တိုင်းပြည်လွတ်လပ်ရေးရမှ အင်္ဂလိပ်နေရာ သခင်အဖြစ် အချောင် အစားဝင်ပြီး ကျုပ်တို့ကို ကျွန်သာသာ ဒုတိယ၊ တတိယတန်းစား နိုင်ငံသားလို ဆက်ဆံလာနေတာကို လုံးဝ လက်မခံနိုင်ပါဘူး။
ကျနော်တို့ ဖက်ကလည်း မိမိတို့၏ ဘဝတွေကို မြှုပ်နှံထားပြီးတဲ့ လူ့ဘောင်အဖွဲ့အစည်းတွင်းက လူမှုရေး၊ ပညာရေး၊ ယဉ်ကျေးမှုစတဲ့ ကဏ္ဍအသီးသီးမှာ တာဝန်သိတဲ့၊ အကျိုးပြုတဲ့ နိုင်ငံသားတွေ ဖြစ်ရပါမယ်။ သေသေချာချာ စဉ်းစားကြမယ်ဆိုရင် မိမိသွေးပါတဲ့ သက်ဆိုင်ရာ လူမျိုးအလိုက် ကရင်ယဉ်ကျေးမှု၊ ရှမ်းယဉ်ကျေးမှု၊ ဗမာယဉ်ကျေးမှု၊ မြန်မာ့လူ့ဘောင်ရဲ့ မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုးပိုက်ထွေးတာဟာ ရှက်စရာ မဟုတ်။ ဂုဏ်ယူစရာ ဖြစ်ပါတယ်။ တစ်ကယ်တော့ ငြင်းပယ်တာကသာ ရှက်စရာပါ။ မွတ်စလင်ဖြစ်သွားလို့ ဗမာက တိုက်ပုံ မဝတ်ရဘူး။ ကရင်က သင်တိုင်း မခြုံရဘူး။ အိန္ဒိယသူက ဆာရီမလွှမ်းရဘူး။ အနောက်နိုင်ငံသား/သူ က ဘောင်းဘီရှည်/ဂါဝန်စကတ် မသုံးရဘူးဆိုတာ မရှိပါဘူး။ လူမျိုးနွယ်တိုင်းကို တမန်တော်တွေ စေလွှတ်ခဲ့တယ် ဆိုတာကို ကုရ်အန်မှာ အတိအလင်း ဖေါ်ပြထားပါတယ်။ အစ္စလာမ်သည် အာရေဗျမှာ ပေါ်ထွန်းပေမဲ့ အာရဗ်တွေအတွက်သာ မဟုတ်။ ယဉ်ကျေးမှုပေါင်းစုံရှိသော လူသားတိုင်း၊ လူမျိုးတိုင်းအတွက် ဖြစ်ပါတယ်။ ဗုဒ္ဓသည်ပင်လျှင် တမန်တော်တစ်ပါးဖြစ်တဲ့အတွက် ရိုသေ လေးစားရမယ်လို့ အစ္စလာမ့် ပညာရှင်များ ဆိုကြပါတယ်။
မြန်မာမွတ်စလင်ကို ဘယ်လိုအဓိပ္ပါယ် ဖွင့်သင့်သလဲ။
မြန်မာမွတ်စလင်ဆိုတဲ့ စကားလုံးကို လူမျိုးတစ်ရပ်၏ အမည်အနေဖြင့် သုံးစွဲမည်ဆိုပါက အခက်အခဲများ ရှိနေကြောင်းကို အထက်မှာ ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ သို့သော် မြန်မာမွတ်စလင်ဟူသော ဝေါဟာရကို လူမျိုးတစ်မျိုးအတွက် မဟုတ်ဘဲ မြန်မာနိုင်ငံရှိ လူမျိုးပေါင်းစုံ အစ္စလာမ်ဘာသာဝင်တိုင်းအတွက် ဘာသာတူရာ၊ ယဉ်ကျေးမှုတူရာ လူမှုအဝန်းအဝိုင်းကို အသိအမှတ်ပြု၊ စုစည်းသော သဘော(Common Noun)အဖြစ် သုံးစွဲသင့်ကြောင်း ဆက်လက် ဆွေးနွေးလိုပါတယ်။
လွတ်လပ်ရေး မရခင်ခေတ်က ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA- Young Men Buddhist Association)ဆိုပြီး YMCA(Young Men Christian Association)ကို တုပြီး တည်ထောင်ခဲ့ဘူးပါတယ်။ အမျိုးသမီးတွေအတွက် ဗုဒ္ဓဘာသာ ကလျာဏ ယုဝတီအသင်း (YWBA-Young Women Buddhist Association)လည်း ရှိခဲ့ပါတယ်။ မွန်၊ ဗမာ၊ ကရင်၊ ရခိုင်၊ ရှမ်း၊ ပအိုးဝ်မရွေး ဗုဒ္ဓဘာသာကို ကိုးကွယ်သော လူမျိုးပေါင်းစုံ၏ သာသနာရေး၊ ယဉ်ကျေးမှု၊ လူမှုရေးတွေအတွက် အားလုံးပါဝင် ဆောင်ရွက်နိုင်တဲ့ လူမှုအဖွဲ့အစည်းအမည် (Common Noun)အဖြစ် ဖွဲ့စည်း ရပ်တည်ခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ မေတ္တာရပ်ခံ တိုက်တွန်းချက်အရ အာဇာနည် ဆရာကြီး ဦးရာဇတ်က မြန်မာပြည်ရှိ လူမျိုးပေါင်းစုံ မွတ်စလင်တိုင်း ပါဝင်နိုင်တဲ့ ဗမာမွတ်စလင် ကွန်ဂရက် (ဗမက-Burmen Muslim Congress) ကို ၁၉၄၅ခုနှစ်က တည်ထောင်ခဲ့ပါတယ်။
မြန်မာမွတ်စလင်ဟူသော ဝေါဟာရသည် သမိုင်းဂုဏ်ပြောင်သည့် ဝေါဟာရဖြစ်ပါတယ်။ မြန်မာ့လွတ်လပ်ရေး တိုက်ပွဲ၊ တိုင်းပြည်ထူထောင်ရေး အပါအဝင် ကဏ္ဍအသီးသီးမှာ အစဉ်တဆက် အမြတ်တနိုးထား သုံးစွဲခဲ့သည့် သမိုင်းအစဉ်အလာရှိသော အမည်ဖြစ်ပါတယ်။ မြန်မာမွတ်စလင်(Burmese Muslim)ဆိုသော အမည်နာမကို အစ္စလာမ်သာသနာ သက်ဝင်ယုံကြည်သော မြန်မာပြည်ရှိ လူမျိုးပေါင်းစုံ တိုင်းရင်းသားတိုင်း နိုင်ငံသားတိုင်းကို ကိုယ်စားပြုသော လူ့အဖွဲ့အစည်း၏ အမည်အဖြစ် ဆက်လက် သတ်မှတ် ထားရှိဖို့ လိုအပ်ပါတယ်။ မြန်မာမွတ်စလင်သည် အစ္စလာမ်ဘာသာကို ကိုးကွယ်ယုံကြည်သော ဗမာ၊ ကရင်၊ ရှမ်း၊ ကမန်၊ ပန်းသေး၊ ရိုဟင်ဂျာ စသဖြင့် မြန်မာနိုင်ငံသားတိုင်း မြန်မာတိုင်းရင်းသားတိုင်း၏ ဘာသာရေးဆိုင်ရာနှင့် ဘာသာရေးက သင်ကြားသော ယဉ်ကျေးမှုဆိုင်ရာ၊ လူမှုရေးဆိုင်ရာ တူညီမှုကို ထင်ဟပ်နေမှာ ဖြစ်ပါတယ်။
အမြင်ဆိုး (Negative stereotype) ပြောင်းလဲသွားအောင် ဘယ်လိုလုပ်ကြမလဲ။
တဖြည်းဖြည်း တစတစနှင့် အနယ်ထိုင်လာရာမှ အစိုင်အခဲကြီးတစ်ခုလို ဖြစ်ထွန်းလာတဲ့ အမြင်ဆိုးတစ်ခု အမြစ်စွဲလာအောင်က ဆယ်စုနှစ်၊ ရာစုနှစ်တွေနှင့် ချီပြီး ကြာတတ်ပါတယ်။ ဒီအတိုင်းဘဲ အမြင်ဆိုးတစ်ခု ပယ်ဖျက် ကွယ်ပျောက်သွားအောင်လည်း အနည်းဆုံး ဆယ်စုနှစ်တွေနှင့် ချီပြီး ထပ်ကြာနိုင်တာကို ကျနော်တို့ စိတ်ရှည်ရှည်နှင့် အသင့်ပြင်ထားဖို့ လိုပါတယ်။
ကုလားလို့ ခေါ်တာကို မကြိုက်နှစ်သက်မှန်း သိသိကြီးနှင့် တမင် ဖိဖိ နှိပ်နှိပ် သုံးစွဲ ခေါ်ဝေါ်နေသူများ ရှိသလို တစ်ဖက်သား နာသာခံခက်ဖြစ်တာကို အလေးအနက်မထားဘဲ သာမန်အားဖြင့် ပေါ့ပေါ့ဆဆ အလွယ် ခေါ်လိုက်ကြသူများလည်း ရှိနေတာကို နားလည်ပေးဖို့လည်း လိုပါတယ်။
ဒီလိုပြသနာမျိုးက အမိန့်ဒီဂရီနှင့် တားမြစ်တာမျိုး သို့မဟုတ် ထိပ်တိုက် ရင်ဆိုင်တွေ့တာမျိုးနှင့် ဖြေရှင်းပြီး အမြစ်ဖြတ်လို့ရတဲ့ ပြသနာမျိုး မဟုတ်ပါဘူး။ ဒါမျိုးက အကိုင်အတွယ် မတတ်ရင် Backlash ဖြစ်ပြီး ပိုလို့တောင် ဆိုးဝါးနက်ရှိုင်း သွားတတ်ပါတယ်။
ကျနော်တို့အားလုံး ရင်ထဲအသဲထဲမှာ စွဲထင်ထားဖို့ အခြေခံအချက်တစ်ခုက အခုဖြစ်နေတဲ့ ပြသနာသည် ညှိုးသူရန်ဘက်တွေ၊ တစိမ်းတရံဆန်တွေကြားမှာ ဖြစ်နေတဲ့ ပြသနာမဟုတ်။ တမြေတည်းနေ တရေတည်းသောက် ကံကြမ္မာချင်း စည်းနှောင်ထားတဲ့ မိသားစုကြားက အထင်အမြင် လွဲမှားမှု၊ မှန်မှန်ကန်ကန် မရှုမြင်နိုင်မှု ပြသနာဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ဆိုးက မိမိအာဏာ အရှည်တည်တံ့ရေးအတွက် ပြည်သူလူထုကို အဆင့်ခွဲ၊ အချင်းချင်းရန်တိုက်၊ မညီမညွတ်ဖြစ်စေပြီး အားအင်ချိနဲ့နေအောင် တမင်ဖန်တီးပေးထားတဲ့ ပြသနာဖြစ်ပါတယ်။
ဒီပြသနာမျိုးကို တုတ်နှင့်ရိုက်၊ ဓါးနှင့်ခုတ်ပြီး ဖြေရှင်းမရ။ ဖြေရှင်းမသင့်။ မှန်ကန်သော ထိတွေ့ဆက်ဆံမှု (Tactful Engagement)ဖြင့်သာ ဖြတ်သန်း ကျော်လွှားသင့်ပါတယ်။
ကျနော်တို့ကို ဖယ်ကျဉ်ခွဲခြားလာတယ်လို့ ခံစားမိပြီး၊ ထိတွေ့မှု၊ ထိတွေ့လိုမှု လျော့နည်းလာတယ်။ ထိတွေ့မှု လျော့နည်းလာလေလေ ဖယ်ကျဉ်ခွဲခြားမှု ပိုနက်ရှိုင်းလာလေလေ ဖြစ်ပါတယ်။ တချို့နေရာမှာ ထိတွေ့မှုရှိသော်လည်း မှန်ကန်သော ထိတွေ့မှု မဟုတ်သဖြင့် အကျိုးမဖြစ်တာမျိုး၊ ပိုဆိုးသွားတတ်တာမျိုးလည်း ရှိနိုင်ပါတယ်။
ဥပမာ ညီငယ်တစ်ယောက်ရေးသလို လူငယ်ဘာဝ သောက်စားဖို့ လာခေါ်တဲ့ အပေါင်းအသင်းကို ငါ့ဘာသာတရားက တားမြစ်ထားလို့ မသောက်နိုင်ဘူးဆိုပြီး ဘာသာရေးကို ထည့်သွင်းပြောတာထက် အခြားပိုခံသာတဲ့ အကြောင်းပြချက်မျိုးက လူမှုဆက်ဆံရေး ချောမွေ့မှုကို ပိုအထောက်အကူပြုပါတယ် ဆိုတာမျိုးပါ။ ခင်ဗျားတို့ ကိုးကွယ်တဲ့ ဘုရားကလည်း ကုလားဘဲဆိုတာမျိုးက အချက်အလက်အရ မှန်သော်လည်း မပြောသင့်ပါဘူး။ ကိုယ့်ကို နာအောင် ပြောလာသူကို သူ့ကိုနာအောင် ပြန်ပြောမယ်ဆိုတာမျိုးက ပိုအကျိုးရှိလား။ ကိုယ့်ကို နာအောင်ပြောလာသူကို ယဉ်ယဉ်ကျေးကျေး ရှင်းလင်းတုန့်ပြန်တာက ပိုအကျိုးရှိလားဆိုတာကို မိမိဘာသာ ချင့်ချိန်နိုင်ကြပါတယ်။
တကဲ့ပြသနာက သိသိကြီးနှင့် တမင်နှိမ့်ချ ခေါ်ဝေါ်သူတွေပေါ်မှာ မတည်ပါဘူး။ သိသိနှင့် တမင် စော်ကားနေသူမျိုးတွေဟာ ဘာဆေးမှ မတိုးတတ်ပါဘူး။ တကဲ့ အာရုံစိုက်ရမဲ့နေရာက တစ်ဖက်သား နစ်နာမှုကို သိပ်အလေးမထားမိဘဲ သာမန် ပေါ့ပေါ့နှင့် အလွယ်သုံးနေတဲ့ လူများစုကြီး ဖြစ်ပါတယ်။ ၄င်းအုပ်စုကြီးကို တမင် လိုက်ရှာနေစရာ မလိုပါဘူး။ ကျနော်တို့ အသီးသီးနေထိုင်တဲ့ ပတ်ဝန်းကျင်ဘဲ ဖြစ်ပါတယ်။ မိမိပတ်ဝန်းကျင်ကို ထိတွေ့မယ်။ လိုအပ်ရင် စိတ်ရှည်ရှည်ထားပြီး အကျိုးအကြောင်းနှင့် ရှင်းပြနိုင်မယ်။ ဘာသာမတူသော်လည်း မိမိလူ့အဖွဲ့အစည်း၏ သာရေး၊ နာရေး၊ လူမှုရေးတွေမှာ ပါဝင်မယ်။ အကျိုးပြုမယ်ဆိုရင် မိမိပတ်ဝန်းကျင်က မိမိ၏ အခန်းကဏ္ဍကို တန်ဖိုးထားလာမယ်။ နွေးထွေးလာမယ်။ အဲဒီအခါ စိတ်ထားမမှန်နှင့် လူ့အဖွဲ့အစည်းကို ထိုးခွဲပြီး အမြတ်ထုတ်မဲ့သူတွေရဲ့ အခန်းကဏ္ဍကို သိသိသာသာ လျော့ချပစ်နိုင်မှာ ဖြစ်ပါတယ်။
ကျနော်တို့သည် မိမိနေထိုင်ရာ လူ့အဖွဲ့အစည်း၏ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး၊ တိုးတက်ရေး၊ တရားမျှတရေး၊ ချစ်ကြည်ရေးစတဲ့ ကဏ္ဍစုံမှာ တာဝန်ကျေသည့် နိုင်ငံသားကောင်းဖြစ်ရန်လိုသလို မိမိ၏ မွေးရာပါ ရပိုင်ခွင့် အခွင့်အရေးတွေကိုလည်း မဆုတ်မနစ် ကာကွယ်နိုင်သူများ ဖြစ်ရပါမည်။
မင်းဘဒင်
မေလ ၁၁၊ ၂၀၁၀

http://webcache.googleusercontent.com/search?q=cache:vTjAmFVtaFsJ:pcfburmese.blogspot.com/p/blog-page_3459.html+%E1%80%95%E1%80%9E%E1%80%AE&cd=174&hl=en&ct=clnk&client=firefox-a

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s