စံပြပုဂ္ဂိုလ်

ဒီစာအုပ်ကိုရေးတဲ့ ကိုကျော်ဝင်းမောင်နဲ့ ကျွန်မတို့နဲ့ သိကျွမ်းခင်မင်တာ  ဂျပန်တော်လှန်ရေးကာလ ကတည်းကပါ။

ကိုကျော်ဝင်းမောင်က ဝမ်းအိုဝမ်းနဲ့ မြန်မာ့မြေအောက်တော်လှန်ရေး စာအုပ် ကို ရေးပြီး တဲ့နောက် ဆရာကြီး မစ္စတာရာဇတ် အကြောင်းကို သူ့ဒုတိယစာအုပ် အဖြစ် ရေးမယ် ဆိုပြီး မန္တလေးကို အချက်အလက်တွေ စုဖို့ရောက်လာတော့ ကျွန်မတို့ကသူ့ကို ဝမ်းမြောက်ဝမ်းသာ တတ်နိုင် တာတွေ ကူညီပါတယ်။ သူ့စာအုပ် အောင်မြင်ပါစေလို့လဲ လှိုက်လှိုက်လှဲလှဲ ဆုတောင်း လိုက် ပါတယ်။ ဘာလို့လဲဆိုတော့ ဆရာကြီး မစ္စတာရာဇတ်အကြောင်းက သူမရေးရင် ကျွန်မရေး ရမယ့် စာအုပ် မဟုတ်လား။

ဆရာကြီးက ကျွန်မတို့ ဆရာကြီးလေ။ ကျွန်မတို့အမျိုးသား နေရှင်နယ်ကျောင်းက ၁၀ တန်းအောင်လာခဲ့တာ၊ ဆရာကြီးတို့ မွေးပေးလိုက်တဲ့ အမျိုးကိုချစ်တတ်ဖို့၊ အများအတွက် ကိုယ် ကျိုး အနစ်နာခံဖို့ဆိုတဲ့ စိတ်တွေဟာ ကျွန်မတို့ တသက်လုံးအဖို့ ခုထက်ထိ ပဲ့ကိုင် ထိန်းကျောင်း  ပေးနေတာ ဆိုတော့ ဆရာကြီးရဲ့ ကျေးဇူးက ကြီးပါတယ်။

ဆရာကြီးကျောင်းအုပ်ကြီးအဖြစ်နဲ့ တာဝန်ယူသွားခဲ့စဉ်က နေရှင် နယ်ကျောင်း က မွေးထုတ် လိုက် တဲ့ ကျောင်းသား ကျောင်းသူတွေဟာ နည်းရော့မလား။ အဲဒီကျောင်းသားတွေအားလုံးကို ကိုယ်စားပြုပြီး ကျွန်မတို့ အားလုံးက ချစ်ကြောက် ရိုသေတဲ့ ဆရာကြီးအကြောင်းကို ကျွန်မရေးရ မှာပေါ့။ ခုတော့ ဒီတာဝန်ကို ကျွန်မ မယူခင် ကိုကျော်ဝင်းမောင်က သူယူမယ်၊ ရေးမယ်ဆိုတော့ ကျွန်မက ဝမ်းသာအားရတယ်လေ။

တကယ်တော့ဆရာကြီးဟာ ကျွန်မတို့ကို မျိုးချစ်စိတ်တွေ၊ ကိုယ်ကျိုးစွန့်ချင်တဲ့ စိတ်တွေ ကို မွေးပေးသွားတဲ့ ဥယျာဉ်မှူးကြီးတစ်ယောက်မျှသာ မဟုတ်ပါဘူး။ ကျွန်မအဖို့ ကျွန်မ စာရေး ဆရာဖြစ်လာအောင် လုပ်ဆောင်ပေးရာမှာ ဆရာကြီးလဲပါဝင်တာမို့ စာပေကျေးဇူးရှင်လဲ ဖြစ်ပါတယ်။

ကနေ့ထက်ထိ မနေ့တစ်နေ့ကလိုပဲ မှတ်မိနေပါသေးတယ်။ ကျွန်မ ဘီအေတန်း စာမေးပွဲကျပြီးစ အိမ်မှာ ဘာလုပ်ရမှန်းမသိတဲ့၊ စာမေးပွဲကျ တစ်ယောက် အဖြစ်နဲ့ ယောင်ပေပေ စိတ်လေနေချိန်ပါ။ ဆရာကြီး မစ္စတာရာဇတ်က စာအုပ်တစ်အုပ်ကို ထုံးစံအတိုင်း လက်ကြားညှပ် ရင်း မနက်ခင်းတစ်မနက်မှာ ကျွန်မနေတဲ့ မိဘများရဲ့ ရသာတန်းကတိုက်ကို ရောက်လာပါတယ်။

ဆရာကြီးလာတယ်ဆိုတော့ ကျွန်မကဝမ်းသာအားရနဲ့ ပျာပျာ သလဲ နေရာထိုင်ခင်းပေး ပါတယ်။ ဆရာကြီးကို ကျွန်မတို့တပည့်တွေအားလုံးက ချစ်ရကြည်ညိုရတဲ့အထဲမှာ ဆရာကြီး က ကျောင်းပရိဝုဏ်ရဲ့ အပြင်ဘက်မှာဆိုရင် ဆရာတပည့်လိုမဆက်ဆံဘဲ အလွန်ရင်းနှီး တဲ့ ဆွေမျိုး သား ချင်းလို ဆက်ဆံလေ့ရှိတာကြောင့်ပါ။ အခုလဲ ဆရာကြီးက သူ့တပည့် ကျွန်မကို လူတစ်လုံး သူတစ်လုံးသဘောထားပြီး “အမာ- ကိုယ်ဘာသာပြန်နေတဲ့ မန္တလေးသူရိယထဲကဟာ ဖတ်မိ သလား” တဲ့။ “ဖတ်မိပါတယ်ဆရာကြီး၊ ကျွန်မ နေ့တိုင်းဖတ်နေတာပါ” လို့ ပြန်ပြောတော့၊ ဆရာကြီးက “အဲဒါကိုယ် ကြိုက်တဲ့အခန်း နှစ်ခန်းပဲ ဘာသာပြန်လိုက်တာ၊ အမာ တစ်အုပ်လုံး ဘာသာပြန်မလား၊ ရော့ ဒီဟာဖတ်ကြည့်” ဆိုပြီး သူ့လက်ကြားညှပ်လာတဲ့ မောရစ်ကောလစ်ရေးတဲ့ “Trials in Burma” စာအုပ်ကို ကျွန်မလှမ်းပေးပါတယ်။

“ဖတ်ကြည့်ပါ့မယ်ဆရာကြီး” လို့ ကျွန်မက ရိုရိုသေသေနဲ့ သွက်သွက်လက်လက် ပြန်ဖြေပြီး ဆရာကြီးလက်ကစာအုပ်ကို ယူထားလိုက်ပါတယ်။

အဲဒီစာအုပ်မှာပါတဲ့ ကင်မရွန်းတပ်မှ ဗိုလ်ကလေးစတဲ့ အခန်းနှစ်ခန်းကို ဆရာကြီးက မန္တလေးသူရိယမှာ ဘာသာပြန်နေတာက ဖတ်လို့ကောင်းပါတယ်။ စိတ်ဝင်စားစရာသိပ်ကောင်းတဲ့ တကယ့်အဖြစ်အပျက် အကြောင်းအရာတွေပါ။ ဒါကြောင့် အားနေတဲ့ကျွန်မ ဆရာကြီး ပေးခဲ့တဲ့ စာအုပ်ကို အစအဆုံး ချက်ချင်းဖတ်ကြည့်ပါတယ်။ စာအုပ်က စာအုပ်ကောင်းတစ်အုပ်ဖြစ်လေတော့ လက်က မချချင်စရာပါ။ ပြီးသွားတော့ ဆရာကြီးခိုင်းတဲ့အတိုင်း ဘာသာပြန်မယ်လို့ ပိုင်းဖြတ် လိုက်ပြီး နောက်ထပ် တစ်ခေါက် ဖတ်ပါတယ်။ ဖတ်ပြီးတော့ စပြီးဘာသာပြန်တာပါပဲ။

“မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမှုအခင်းများ” ဆိုတဲ့နာမည်နဲ့ ကြီးပွားရေးတိုက်က လက်ရွေးစင်စာအုပ် နံပတ်-၂ အဖြစ်နဲ့ ထုတ်ဝေလိုက်တော့ စာအုပ် ၃၀၀၀ က ၃ လနဲ့ရောင်းလို့ ကုန်သွာပြီး နောက်ထပ် ၂၀၀၀ ထပ်ရိုက်နှိပ်ရတယ်။

ဒီစာအုပ်ဟာ အခုနှစ် (၅၀) ပြည့်ပြီဖြစ်တဲ့ ကြီးပွားရေး စာအုပ်တိုက်ရဲ့ လက်ရွေးစင်စာအုပ် နံပါတ်-၂ ဖြစ်သလို ကျွန်မရဲ့ ပထမဆုံး စာအုပ်လဲ ဖြစ်ပါတယ်။ ဒီစာအုပ်က ကျွန်မ နာမည်ရစာရေး ဆရာစဖြစ်ရတဲ့ စာအုပ်လဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မစာရေးဆရာဖြစ်လာရတာ ဆရာကြီးရဲ့ တိုက်တွန်းအားပေးမှုကြောင့်၊ မေတ္တာစေတနာကြောင့်လို့ ကျွန်မက တစ်သက်လုံးခံယူပြီး အမြဲ သတိ ရနေတာပါ။

ကျွန်မတို့ ဆရာကြီးမှာ သူ့တပည့်တပန်းတွေ အထောင်အသောင်း အပေါ်မှာ ဒီလို နည်းတွေ နဲ့ နှုတ်၏စောင်မခြင်း လက်၏စောင်မခြင်းတွေ ပြုထားတာ နည်းတာမဟုတ်ပါဘူး။ လိုက်လံ စာရင်းကောက်ရင်တောင် ကုန်နိုင်စရာမရှိပါဘူး။

ဒါကြောင့် မန္တလေးအမျိုးသားနေရှင်နယ်ကျောင်းထွက် မှန်သမျှ ဆရာကြီးရာဇတ်ဆိုရင် မိဘလို တစ်မျိုး၊ ဆရာသမားလို တစ်သွယ် ချစ်ကြောက်ရိုသေလေးစားကြတာပါ။

ဆရာကြီးက အမျိုးသားကျောင်းမှာ အထက်တန်းကျောင်းသားတွေဖို့ ကိုယ်တိုင်အချိန်ယူပြီး ပါဠိနဲ့ အင်္ဂလိပ်စာ သင်ပေးတယ်။ ကျောင်းအုပ်ကြီး တာဝန်တွေယူတယ်။ အဲဒီအပြင် ၂၁ ဦးက ဖွဲ့စည်းတဲ့ ရဲတပ်ဖွဲ့၊ ဘင်ခရာတပ်ဖွဲ့တွေကိုလဲ ဖွဲ့စည်းဆောင်ရွက်သေးတယ်။ ဒုတိယကမ္ဘာ စစ်ကြီးပြီးတော့ ဖက်ဆစ်တိုက်ဖျက်ရေး၊ အမျိုးသားလွတ်လပ်ရေး တာဝန်တွေကိုလဲ ဗိုလ်ချုပ်တို့နဲ့ အတူ ကျဆုံးသွားတဲ့အထိ လုပ်ဆောင်သွားတဲ့ ပုဂ္ဂိုလ်ပါ။

ဒိလိုလုပ်ဆောင်ရာမှာ လုပ်ဖော်ကိုင်ဖက်တွေကရော၊ တပည့်တပန်းတွေ အားလုံးကရော ဆရာကြီးကို ချစ်ကြည်ညိုတဲ့ ဂုဏ်ပုဒ်တစ်ခု ဆရာကြီးမှာ ရှိပါသေးတယ်။ အဲဒါကတော့ တခြားမဟုတ်ပါဘူး၊ ဆရာကြီးဟာ မြန်မာမွတ်စလင် တစ်ယောက်ဖြစ်တယ်ဆိုပေမယ့် သူ့မှာ လူမျိုးရေးအရ၊ ဘာသာရေးအရ မြန်မာလူတွေနဲ့ ခွဲခြားမှု လုံးဝမပြုဘဲ သူ့စိတ်က အမြဲတမ်း တသွေးတစ်သားတည်း အောက်မေ့ထားမှုပါ။

ကျွန်မတို့ မန္တလေးက မြန်မာ ဘုရင်တွေလက်ထက်က တည်းက မြန်မာမွတ်စလင်တွေ ကို နေရာပေးခဲ့တဲ့ မြို့ဖြစ်လေတော့ ဗုဒ္ဓဘာသာ ဝင် မြန်မာလူမျိုးများဟာ အစ္စလာမ်ဘာသာ ဝင် မြန်မာမွတ် စလင်တွေနဲ့ ထွေးရောယှက်တင် တခြားအရပ်မှာထက်  ပိုပြီးရှိတဲ့မြို့၊   ရောရောနှောနှော နေကြ ထိုင်ကြတဲ့ မြို့ပါ။ အဲဒီလိုရှိရာမှာ ပေါင်းတော့ ပေါင်းတာပဲ၊ ဒါပေမယ့် ဘာသာရေး ချင်း က မတူလေတော့၊ ယဉ်ကျေးမှုချင်းကလဲ ကွဲပြားတဲ့နေရာမှာ ကွဲပြား တာမို့ ခွဲခြား မှုတော့ ရှိနေပါတယ်။

အဲဒီလိုရှိရာမှာ ဆရာကြီး မစ္စတာရာဇတ်နဲ့ ဆက်ဆံရတာကတော့ ဗမာတွေကလဲသူ့ကို ဗမာတစ်ယောက်လို၊ ညီရင်းအစ်ကိုလို ဆက်ဆံကြတာပဲ။ မွတ်စလင်တွေကလဲ သူ့ကို မွတ်စလင် တစ်ယောက် အတိုင်း ဆက်ဆံတာပါပဲ။ ဆရာကြီးကတော့ ဗမာနဲ့မွတ်စလင်ဟာ သူ့အဖို့ ခေါင်း နဲ့ပန်းပါ။ ကျွန်မတို့ ဗမာတွေ လူများစုကြီးက ဆရာကြီးနဲ့ ပေါင်းသင်းဆက်ဆံရလို့ ဘာသာရေးအရ၊ လူမျိုးရေးအရ ကသိကအောက်ဖြစ်ရတာ ဘာတစ်ခုမှ မရှိပါဘူး။

မဒရပ်မှာကျင်းပတဲ့ အရှေ့တောင်ပိုင်းပညာရေး ကွန်ဖရင့်ကို ဗိုလ်ချုပ်အောင်ဆန်းက တာဝန်ပေးလို့ ၁၉၄၇ ခုနှစ်က ဆရာကြီးသွားတက်တော့ မဒရပ်က မွတ်စလင် အဖွဲ့ခေါင်းဆောင်တွေ က ဆရာကြီးကို မွတ်စလင်တစ်ယောက်မို့တဲ့ သီးခြားလာလဲကြိုတယ်။ မွတ်စလင်ချင်းမို့ သူတို့ဆီတည်းခိုဖို့လဲ ဖိတ်သတဲ့။ ဆရာကြီးက “အိန္ဒိယအစိုးရဲ့ ဧည့်သည်ပါ” ဆိုပြီး သူတို့ဆီကို လိုက်မတည်းဘူး။ ဆရာကြီးတည်းခိုရာကို လာတွေ့ပြီး ဒီမွတ်စလင်တွေက “ဗမာပြည်မှာ ရှိနေတဲ့ မွတ်စလင်လူနည်းစု မိုင်နောရတီတွေရဲ့ ပြဿနာ ဘယ်လိုပါလဲ” လို့ မေးတဲ့အခါ ဆရာကြီးက “We don’t regard ourselves as a minority. We merged with the majority” လို့ ဖြေပါသတဲ့။ အတူပါသွားတဲ့ အပါးတော်မြဲ ကိုချစ်ဆွေက ဒီအကြောင်းကို ဒီစာအုပ် တစ်နေရာမှာ မှတ်တမ်းတင်ထားပါတယ်။

ဆရာကြီးပါးစပ်က ဒီလိုဖွင့်ပြောတာကို ကျွန်မတို့ မကြားဖူးပေမယ့် ဆရာကြီး ဒီအတိုင်း ကျင့်သုံးတာကိုတော့ ကျွန်မတို့သိပ်သိပါတယ်။ စစ်ကြီးပြီးတော့ ဆရာကြီးတို့ စစ်ဘေးက ခိုလှုံတဲ့နေရာကို ဦးလှသွားပြီး တွေ့တာ၊ မန္တလေး ဖဆပလအဖွဲ့မှာ ဦးလှနဲ့ ဆရာ တပည့်နှစ်ယောက် အတူလက်တွဲလုပ်ကြတာ၊ ကျွန်မတို့အားလုံးသိနေတာပါ။ ဆရာကြီးမှာ ဗမာနဲ့ တစ်သားတည်းပေါင်းထားတဲ့ ပြောဆိုလုပ်ကိုင်မှုတွေ အပြည့်အဝ ရှိပါတယ်။ ဗမာမွတ် စလင်တွေ ဆိုပြီး ခွဲခြမ်းခွဲခြမ်းလုပ်မှု ဘယ်တော့မှ မရှိပါဘူး။ အဲဒါကိုပဲ ကျွန်မတို့လို တပည့် တပန်းတွေ ကရော၊ သူ့ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေကရော၊ မိတ်ဆွေသူငယ်ချင်းတွေ ကရော ဆရာကြီး ကို ကျေနပ်ပြီး ချစ်နေကြတာ၊ ခင်နေကြတာပါ။

တကယ်တော့ ဆရာကြီးအပြုအမူအနေအထိုင်ဟာ အတုယူစရာ အလွန်ကောင်းပါတယ်။ ခွဲခြားမှု၊ စိတ်ဝမ်းကွဲမှုဆိုတာ တစ်လမ်းသွား မဟုတ်ပါဘူး။ တစ်ဖက်က မခွဲခြားရင် တခြားတစ်ဖက် ကလဲ ခွဲခြားမှုကို လျော့နည်းသွားရတာ ဓမ္မတာပါ။ ကျွန်မတို့နိုင်ငံဟာ တိုင်းရင်းသား လူမျိုးပေါင်း စုံ ပေါင်းစည်းနေထိုင်ကြတဲ့ ပြည်ထောင်စုနိုင်ငံ ဖြစ်လေတော့ ဆရာကြီးရာဇတ် ထားရှိတဲ့ စိတ်ဓာတ်မျိုးသာ ထားရှိကြရင် အချင်းချင်း စည်းလုံးညီညွှတ်ရေးဟာ တကယ်ခိုင်မာနိုင်ပါတယ်။

ကိုကျော်ဝင်းမောင်က ဆရာကြီးအကြောင်းကို ထောင့်စေ့အောင် အများကြီး ကြိုးစားထားရှာ ပါတယ်။

အများအကျိုးအတွက် ဆောင်ရွက်တဲ့ စိတ်နေသဘောထားကြီးရင့်တဲ့ ပုဂ္ဂိုလ်ဆိုတာ ဘယ်ပုဂ္ဂိုလ်မဆို တောင်လိုပါပဲ။ တက်ကြည့်လေ ကြီးလေပါ။ ဆရာကြီးဟာလဲ သူ့တစ် သက်မြန်မာပြည် သူတွေရဲ့ အကျိုးကို တတ်နိုင်သလောက် ဆောင်ကြဉ်းသွာပြီး တပည့် တပန်းတွေနဲ့ လုပ်ဖော် ကိုင်ဖက်တွေကို နမူနာကောင်းပြသွားနိုင်တဲ့ ပုဂ္ဂိုလ်ကြီးပေမို့ ထာဝစဉ်လေး စားမြတ်နိုးလျက်သာ ရှိရပါတော့တယ်။         ။

လူထု ဒေါ်အမာ

၎-၅-၈၈

(ဝမ်းအိုဝမ်းဦးကျော်ဝင်းမောင်၏ ဆရာကြီးဦရာဇတ် အကြောင်း ရေးသားသော “စံပယ်ကြူလျှင် ပန်ချင်သူကောက်မြဲ” စာအုပ်မှ လူထုဒေါ်အမာ၏ အမှာစာကို ကူးယူဖော်ပြပါသည်။)

by Zaw Min Oo,MMSY

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s