မြန်မာနိုင်ငံအစ္စလာမ့် ဖြစ်စဉ်သမိုင်း(၂)

မဒ္ဒရစဟ်ကျောင်းအချို့

ဤကဲ့သို့ သော မြန်မာမွတ်စ်လင်မ် ရှေ့ဆောင်များ ပြန်ရောက်လာသောအခါ အိန္ဒိယ၊ပါကစ္စ တန်ယဉ်ကျေးမှု၊ အရှိန်ပြင်းထန်စွာဖြင့် အခွင့်အရေးအလိုက် မဒ္ဒရစဟ်(သို့မဟုတ်) ယသင်မ်ခါနာ ကျောင်းများ ကိုဖွင့်လာကြသည်။ သင်ကြားသည်မှာ အခြေခံ အလစ်ဖ်၊ဘေ၊မှပင် စသော်လည်း ကျောင်းအမည်ကိုကား အရဗီ တက္ကသိုလ်အမည်မှ တစ်ဆင့်မျှမလျှော့ကြပေ။  ဤကျောင်းများကို ဖွင့်ရာ၌အကျိုးမဲ့ မဟုတ်ပါ။ အကျိုးရှိသင့်သ လောက်ရှိပါသည်။ သို့ရာတွင် ဤကျောင်းအချို့ကိုဖွင့်ရာ၌ ဖွင့်သောရှေ့ဆောင်၏ ဘဝတည်မြဲရေးကိုသာ ရှေ့ ရှု သည်ဖြစ်ရာ ၎င်းတို့အနက် အချို့တို့မှာ အလှူငွေပေးနိုင်သော ပယောဂယှဉ်သည့် စက်ကွင်းအတွင်းသို့  ကျမှန်းမ သိ ကျသွားသည်ကိုလည်း တွေ့ရပေသည်။

မြန်မာမဆန်မှု အန္တရာယ်၏ရှေးဖြစ်စဉ်

မြန်မာဆန်မှုကို တိုက်ဖျက်သည့် ဤအန္တရာယ်ကို ကျွန်ုပ်တို့သည် ယခုမှသာတွေ့ မြင်ရသည် မဟုတ်။ (၁၉၂၈)ခုလောက် ကတည်းက အမြင်ကျယ်သော မြန်မာမွတ်စ်လင်မ် ခေါင်းဆောင်တို့သည် မျက်ဝါး ထင်ထင်တွေ့မြင်ရပြီးဖြစ်သည်။သို့ ဖြစ်၍လည်း မြန်မာမွတ်စ်လင်မ်တို့အား ကျမ်းမြတ်ကုရ်အာန်ကို နားလည်နှစ် ခြိုက်စွာ တတ်သိယုံကြည်နိုင်စေရန် ဟာဂျီဦးဘအို K.I.H သည် သခင်ကြီးဦးကာလူ၏ အကူအညီဖြင့် ကုရ်အာန် ကျမ်းမြတ်ကို မြန်မာဘာသာသို့ ပြန်ဆိုကာ အခမဲ့ဝေငှခဲ့သည် မဟုတ်ပါလော။

ထိုကုရ်အာန် ဘာသာပြန်အပြင် အစ္စလာမ်သာသနာ့ ပေါင်းချုပ်ကျမ်း၊ အရှင်မြတ်၏ ဂုဏ်တော်အဖွင့် ကျမ်းမှစ၍ ကျမ်းအများကို ကွယ်လွန်သူ ဆရာဦးထွန်းကြွယ်၏ အကူအညီဖြင့် ငွေကုန်ကြေကျခံကာ ရိုက်နှိပ်ဖြန့် ချိခဲ့ပေသည်။ ဤကား အန္တရာယ်ကိုမြင်၍ တစ်ဦးတစ်ယောက်တည်း အနေနှင့်ဆောင်ရွက် ကာကွယ်ခဲ့ခြင်းဖြစ် ပေသည်။

ယခုခေတ်တွင်လည်း ရန်ကုန်အစ္စလာမ်မစ် ဆိုဆိုင်တီမှဦးစီး၍ ကျမ်းမြတ်ကုရ်အာန်ကို မြန်မာဘာ သာသို့ ပြန်ဆိုနေသည်မှာ (၁၀)စောင်အထိပြီး၍ (၃)စောင်ရိုက်နှိပ်ပြီး ဖြစ်သည်ဟု သိရသည်။

ဝမ်းမြောက်ဖွယ်ရာပင်။

ဗမာမွတ်စ်လင်မ်ပညာရေးကွန်ဖရင့်

အဖွဲ့အစည်းအနေနှင့် ပြင်းထန်သော ပေါက်ကွဲမှုဖြစ်ခဲ့သည် လည်းရှိသည်။ ဒုတိယကမ္ဘာစစ် မဖြစ် မီအလျင်က အစ္စလာမ်သာသနာ့ ပညာရေးအတွက် တိုင်းရင်းသားနှင့် တိုင်းရင်းသားမဟုတ်သူ မွတ်စ်လင်မ်တို့  ပူးပေါင်းဆောင်ရွက် ထားသောအဖွဲ့ အစည်းကြီးရှိသည်။ ထိုအဖွဲ့အစည်းသည် နှစ်စဉ်ညီလာခံ ကျင်းပသည်။ (၁၉၃ဝ)ခုလောက်တွင် ကျင်းပသော ပဲခူးညီလာခံတွင် အစ္စလာမ်သာသနာ့ပညာ သင်ကြားပို့ချပေးရာတွင် အုရ်ဒူ ဘာသာကို အသုံးပြုရမည်ဟု ဆိုလာကြသည်။ အမြင်ကျယ်သော မွတ်စ်လင်မ်ခေါင်းဆောင်တို့ က လက်မခံကြ။ မြန်မာဘာသာနှင့်သာ သင်ရမည်ဟု တင်းခံခဲ့ကြသည်။ သို့နှင့်ကွဲကြ၊ ပြဲကြသည်။

ဤအကွဲအပြဲမှနေ၍  မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စ်လင်မ် ပညာရေးကွန်ဖရင့်ကြီး ပေါ် ပေါက်လာခဲ့ရသည်။

ထို့နောက် အမျိုးသားစိတ်ဓာတ် နိုးကြားမှုတွင် မြန်မာမွတ်စ္စလင်မ်များလည်း စွမ်းစွမ်းတမံ ပါဝင်လာ ကြ၍ နိုးကြားရေးအဖွဲ့များ ပေါ်ပေါက်လာခဲ့ကြသည်။ စစ်ပြီးတစ်ခေတ်တွင် (ဗ.မ.က)အဖွဲ့ရှိခဲ့သော်လည်း သာသ နာရေးထက် နိုင်ငံအရေးကို ဆောင်ရွက်သောကြောင့် သာသနာမှုဘက်တွင် ထူးခြားသောပြောင်းလဲမှုများ မဖြစ်ခဲ့ သည့်တိုင်အောင် အမျိုးသားစိတ်ဓာတ် နိုးကြားမှုအဟုန်ကိုကား ကောင်းစွာထိန်းပေးခဲ့သည်။ (ဗ.မ.က)မရှိသည့် နောကပိုင်း အမျိုးသားစိတ်ဓါတ်ကို ဆန့်ကျင်သော သာသနာကျင့်သုံးမှုနှင့် သဘောတရားများကို မြန်မာမဆန် သည့် မွတ်စလင်မ်တို့သည် မြန်မာမွတ်စလင်မ် လောကတွင်သွတ်သွင်း ပေးလာကြသည်မှာ ယခုအခြေအနေ အထိပင်ဖြစ်သည်။

နားလည်သင့်သည့်အချက်

“ဘာသာမျိုးခြား စာစကားသင်ကြားသင့်သည်မှတ်” ဟုဆိုသည့် စကားအတိုင်း မည်သည့်ဘာသာ ခြားစကားကိုမဆို သင်ကြားတတ်မြောက်ရန် အရေးကြီးပါသည်။ အားပေးရန်လည်းသင့်သည်။ သို့ရာတွင် ဘာ သာခြားစကား သင်နိုင်သူမှာ အခြေအနေအရ တစ်ထောင်လျှင် တစ်ယောက်မျှပင် မရှိနိုင်။ ဘာသာစကားသင်ရ မည်ဆိုသည်တွင်လည်း မိမိ၏အမိ ဘာသာစကားနှင့် စာပေတို့ကို သင်ကြားတတ်မြောက် ပြီးမှသာလျှင် သင်ရန် ဖြစ်သည်။ မိမိ၏အမိဘာသာ စကားနှင့်စာပေကို သတ်ပစ်ရန်အတွက် ဘာသာခြားစကားနှင့် စာပေကို သင်ရမည် ကား မဟုတ်ပေ။

“အင်းနမာလ်၊မုအ်မိနူးန၊ အစ်ခဝတွန်” ဟု လာရှိသည့်အတိုင်း မွတ်စ်လင်မ်မှန်လျှင် ညီရင်းအစ်ကို ဖြစ်ကြသည်။

ဘဂါင်္င်္လီဖြစ်စေ၊ ပန်ချာဗီဖြစ်စေ၊ ကျိုလီယာဖြစ်စေ၊ စူရတီဖြစ်စေ၊ ဟိန္ဒူစတာနီဖြစ်စေ၊ ပါကစ္စတာ နီဖြစ်စေ၊ အင်ဒိုနီးရှင်းဖြစ်စေ၊ တရုတ်ဖြစ်စေ၊ လူမျိုးတစ်ရာ့တစ်ပါး မည်သည့်နိုင်ငံ၊ မည်သည့်ဒေသမှဖြစ်စေ၊ မွတ် စလင်မ်ဖြစ်ပါက ကျွန်ုပ်တို့ညီနောင် များသာဖြစ်သည်။

ထိုမွတ်စ်လင်မ် ညီနောင်တို့၏ စာပေဘာသာတို့မှာ မိမိတို့လူမျိုးနှင့် တိုင်းပြည်အလိုက် ပေါ်ထွန်း ခဲ့သည့်အတိုင်း ကျွန်ုပ်တို့က ဂရုဓမ္မပြုရပေမည်။

အလားတူပင် မြန်မာမွတ်စ်လင်မ်ဖြစ်သော ကျွန်ုပ်တို့၏စာပေနှင့် စကားကို အခြားနိုင်ငံသား မွတ် စလင်မ်တို့က ဂရုပြုသင့်သည်ဟု ကျွန်ုပ်တို့လေးနက်စွာ ယုံကြည်သည်။

အထက်ပါ မူ(၂)ရပ်ဖြစ်သော ဘာသာခြားစာ သင်သင့်သည်ဟူသော မူနှင့်မွတ်စလင်မ်တို့သည် ညီ နောင်ဖြစ်ကြသည် ဟူသောမူတို့ကို လက်ခံယုံကြည် သူများဖြစ်ပါက ကျွန်ုပ်တို့နိုင်ငံသို့  အသက်မွေဝမ်းကြောင်း နှင့်စီးပွားရေးအတွက် ရောက်ရှိလာကာ ကျွန်ုပ်တို့နိုင်ငံ၏ အကျိုးပြုခြင်းကို ခံယူနေကြကုန်သော နိုင်ငံခြားသား မွတ်စလင်မ်ညီနောင်တို့သည် တိုင်းရင်းသား မွတ်စလင်မ်ညီနောင်တို့ကို ကူညီကြသောအခါတွင် အဘယ့် ကြောင့် မြန်မာစာပေနှင့် ဗမာစကားကို အားပေးခြင်း မပြုနိုင်ကြရအံ့နည်း။

နည်းယူဖွယ်ရာ

အခြားသာသနာတို့ ၏ သာသနာပြုများသည်  မိမိတို့ သွားရောက်သာသနာပြုသော ဒေသရှိလူများ သို့ မဟုတ် လူမျိုးစုများ၏ ဘာသာစကားကို တတ်သိနားလည်အောင် “ကျားကုတ်ကျားယက်” ခက်ခက်ခဲခဲ လေ့လာသင်ကြား တတ်မြောက်ပြီးမှ လူမျိုးစုတို့၏ ဘာသာစကား စာပေများကို အသုံးပြု၍ သာသနာ ပြုကြသည် ကို ကျွန်ုပ်တို့၏ညီနောင် များဖြစ်ကြသော မြန်မာနိုင်ငံရှိ နိုင်ငံခြားသားနှင့် နိုင်ငံခြားသားစိတ်ရှိသူ မွတ်စလင်မ်တို့  အဘယ်ကြောင့် သဘောမပေါက်နိုင်ဘဲ ရှိနေနိုင်ကြအံ့နည်း။

သာသနာဖွံ့ ဖြိုးမှု တစ်ခုတည်းကိုသာ ရှေ့ ရှုသူမှန်လျှင် မြန်မာစကားနှင့် မြန်မာစာပေတို့ကို အသုံးပြု ၍ သာသနာရေးကို ဆောင်ရွက်ရန် အားပေးကူညီမှု ပြုကြသည်သာမက မိမိတို့၏ အယူသီးမှုများကို ဖယ်ရှားကာ မိမိတို့ကိုယ်တိုင် မြန်မာစာနှင့် မြန်မာစကားကို တတ်ကျွမ်းအောင် မအိပ်မနေ အရိုးကျေကျေ အရေခမ်းခမ်း ကြိုး စားကြမည်သာဖြစ်သည်။

သာသနာဖွံ့ ဖြိုးမှု သန့်သန့်အတွက်သာ ရည်ရွယ်ချက်သန့်ရှင်းစွာ မထားဘဲ ပယောဂယှဉ်သည့် သာသနာပြု လုပ်ငန်းမျိုးကို ဆောင်ရွက်ကြသည် ဖြစ်ပါကကျွန်ုပ်တို့ မည်သို့ မှ ပြောဆိုနိုင်တော့မည် မဟုတ်ပေ။ ၎င်းတို့ ကြိုက်သော စာနှင့်စကားကို သုံးစေ၍မြန်မာ့အသွင် ပျောက်အောင် မြန်မာမွတ်စလင်မ်တို့ကို ဖန်တီးပေး လာကြမည်သာ ဖြစ်ပေသည်။

မြန်မာစာကိုလည်း မရေးတတ်၊ မြန်မာစကားကိုလည်း မပြောတတ်၊ မြန်မာ့ယဉ်ကျေးမှုကိုလည်း စိုးစဉ်းမျှ နားမလည်ဘဲနှင့် အစ္စလာမ်သာသနာ ပြသနာရပ်တို့၏ အဆုံးအဖြတ်ကို မြန်မာမွတ်စလင်မ်တို့ အတွက် ပေးရန် တာဝန်ယူဝံ့သူတို့မှာ သာသနာ့ပညာရပ်ကို မိုးထိအောင်ပင် တတ်နေစေကာမူ တလွဲသတ္တိကောင်း၍ လူထူးလူဆန်း ဖြစ်သည်ဟုဆိုလျှင် မည်သူငြင်းနိုင်အံ့နည်း။

မြန်မာစိတ်မွေးပါမှ

“ရောမမြို့သို့ ရောက်နေစဉ် ရောမသားလိုကျင့်ရမည်” ဟုအဆိုရှိသည်။ ပန်ဂျပ်တွင် အခြေစိုက်နေ၍ သာသနာပြုလိုသူသည် ပန်ဂျာဗီစကား တတ်ရုံသာမက၊ ပန်ဂျာဗီစိတ်ပေါက်ဖို့ ပင်လိုသည်။

အလားတူပင် ဘင်္ဂလားပြည်၌ အခြေစိုက်၍ အစ္စလာမ်သာသနာပြုလိုသူသည် ဘဂါင်္လီစာနှင့်စကား ကိုတတ်ရုံသာမက ဘဂါင်္လီစိတ် ပေါက်ရပေမည်။ မုန်ညင်းဆီကို နှစ်နှစ်ခြိုက်ခြိုက် သုံးဝံ့ရပေလိမ့်မည်။ နံသည်ဟု ပယ်ထား၍မဖြစ်ပေ။

ထို့အတူပင် မြန်မာပြည်တွင် မြန်မာမွတ်စလင်မ် တို့အတွက် အစ္စလာမ်ဖွံ့ ဖြိုးရေးကို ဆောင်ရွက် ပေးလိုသူတို့သည် မြန်မာပြည်၌ ဆောင်ရွက်သည့်အတွင်း မြန်မာစကားအစား အုရ်ဒူစကားကို ပြောရမှ၊နှမ်းဆီအ စား ထောပတ်ကိုသုံးရမှ၊ ဆန်အစားဂျုံမှုန့်ကို သုံးရမှဖြစ်မည်ဟူသော အယူအဆရှိနေလျှင် ထိုပုဂ္ဂိုလ်တို့၏လုပ် ငန်းမှာ အဘယ်မှာလျှင် အောင်မြင်နိုင်အံ့နည်း။

သာသနာကိုချစ်ပါလျက် အဘယ့်ကြောင့် အထက်ပါအစွဲတို့ကို မစွန့်ပစ်နိုင်သနည်း။ ပယောဂမ ရှိသူမှန်လျှင် မြန်မာစာနှင့် မြန်မာစကားကို အားပေးရုံသာမက မိမိတို့ကိုယ်တိုင်က မြန်မာ့အလေ့အထသည် ကောင်းသည်၊ ကောင်းသည်နှင့်အမျှ နှစ်ခြိုက်သည်၊ ဤအလေ့အထအတိုင်း ပြုမူကျင့်သုံးခြင်းသည် သာသနာ တိုးတက်မှုအတွက် အကူအထောက် ဖြစ်စေလိမ့်မည်ဟု ယုံကြည်လာကာ မြန်မာစိတ်ပေါက်အောင် ကြိုးစား ဆောင်ရွက်ကြမည်သာ ဖြစ်ပေသည်။

အမြင်ကျယ်နိုင်ငံခြားသား မွတ်စ်လင်မ်များ

ဤသို့ကြိုးစား ဆောင်ရွက်မှုများ မရှိဟုမဆိုလိုပါ။ မကြာသေးမီက ဗမာပြည်သို့ လာရောက်လည်ပတ် သွားသော အစ္စမာအီလီ ခိုဂျာအဖွဲ့ခေါင်းဆောင် ကရီမ်အာဂါခန်လည်း မြန်မာဝတ်စုံ ပုဆိုးတောင်ရှည်၊ ခေါင်းပေါင်း ရင်ဖုံးအကျီနှင့် အခမ်းအနားတစ်ခုသို့  တက်ရောက်လာပုံကို သတင်းစာ၌ တွေ့လိုက်ရသည်။

ဤခေါင်းဆောင်၏ နောက်လိုက်များသည် မြန်မာနိုင်ငံ၌ ဘာသာရေးမှလွဲ၍ အခြားအချက်အလက် တို့တွင် မြန်မာတို့နှင့် တထေရာတည်း ကျအောင်ပြုမူကျင့်သုံး နေထိုင်ကြသည်။ နာမည်သာမက ပြောဆိုသည့် စကားပင်လျှင် မြန်မာစကားဖြစ်နေသည်။ မွတ်စလင်မ်တို့ အတွက် ကိုးကွယ်ယုံကြည်မှုနှင့် သာသနာ့စည်းကမ်း များသည် တစ်ခြား၊ဒေသနှင့်လူမျိုးကို လိုက်၍ ဖြစ်ပေါ်သော ဘာသာရေးနှင့် မဆိုင်သည့် ယဉ်ကျေးမှု အစဉ်အ လာ ဓလေ့ထုံးစံတို့သည် တစ်ခြားဟု အမြင်ကျယ်စွာ ခွဲခြားနားလည်ကြရန် အချိန်ရောက်ပေပြီ။

အုရ်ဒူမှအုရ်ဒူဟုဆိုသော ကျွန်ုပ်တို့၏ဆရာကြီး အချို့တို့ကမူ အုရ်ဒူစာသည် ယုံကြည်သူတို့၏ဘာ သာရေးစာ၊ မြန်မာစာသည် မယုံကြည်သူတို့၏ ဘာသာရေးဆန့်ကျင်သော စာဟုယူဆလျက် ရှိနေသည်မှာ အစဉ်အလာ ထုံးစံဓလေ့နှင့် ယဉ်ကျေးမှု အချက်အလက်တို့ကို အစ္စလာမ်၏ စည်းကမ်းနည်းလမ်း ပညတ်ချက် များသဖွယ် ထည့်သွင်းသွန်သင် ပြသနေကြသည်မှာလည်း ကြေကွဲဖွယ်ကောင်းလှ၏။

တကယ့်အကြောင်းအရင်း

အထက်ပါ အစ္စမာအီလီ အဖွဲ့ကဲ့သို့ပင် အမြင်အကျယ်သော နိုင်ငံခြားသား မွတ်စလင်မ်အချို့ ရှိနေသေးသည်မှာလည်း ကျွန်ုပ်တို့အဖို့  နှစ်သိမ့်ဖွယ်ရာဖြစ်သည်။ သို့ရာတွင် အမြင်မကျယ်သူတို့၏ အားက များနေသောကြောင့်၊ ကျွန်ုပ်တို့အဖို့မှာ မြန်မာစကား၊ မြန်မာစာပေနှင့် မြန်မာ့ယဉ်ကျေးမှုတို့ကို စွန့်လွှတ်မှ မွတ်စ်လင်မ် ဖြစ်နိုင်သည်ဟူသော ယုံကြည်မှုကို ရောက်အောင်အတင်း တွန်းပို့လျက်ရှိသော မကောင်းဆိုးဝါး အားကြီးကို ဖြစ်နိုင်သည့်နည်းနှင့် တွန်းလှန်ဖြိုခွင်း ချေမှုန်းလမ်းလွှဲရပေမည်။

အဘယ်ကြောင့်နည်း။

နိုင်ငံခြားသား မွတ်စ်လင်မ်များကို မလိုလားမနှစ်မြို့၍ လုံးဝမဟုတ်ပါ။ ၎င်းတို့၏ ကျေးဇူးများကို ကျွန်ုပ်မမေ့သေးပါ။ အုရ်ဒူစာပေကို မချစ်၍မဟုတ်ပါ။ အလွန်ကြွယ်ဝသော ဤဂန္တဝင်စာပေကို တတ်အားသမျှ လေ့လာကြရပါမည်။

အကြောင်းရင်းမှာ ကျွန်ုပ်တို့သာသနာကို သဘောပေါက် နားလည်နှစ်ခြိုက်စွာ လိုက်နာကျင့်သုံး နိုင်ရန်နှင့် ဗမာပြည်တွင် နှစ်ရှည်လများ ဘိုးစဉ်ဘောင်ဆက်ကတည်းက သပ္ပာယ်မျှစွာ မွတ်စလင်မ်မဟုတ်သည့် တိုင်းရင်းသားတို့နှင့် ဒိုးတူပေါင်ဖက် အေးအတူပူအမျှ နေထိုင်လာခဲ့သည့်အတိုင်း ကျွန်ုပ်တို့၏ဘဝတည်မြဲရေး အတွက်သာ ဖြစ်ပေသည်။

ဤအချက်ကို ကျွန်ုပ်တို့၏ ညီနောင်များဖြစ်သော နိုင်ငံခြားသားမွတ်စလင်မ်၊ နိုင်ငံခြားသား စိတ် ပေါက်နေသော တိုင်ရင်းသားမွတ်စလင်မ်တို့  နားလည်ကြစေချင်ပါသည်။ နားလည်အောင်လည်း ကူညီတော်မူ ပါဟုအရှင့်ထံ ရိုးသားစွာ ဆုတောင်းမိပါသည်။

ဇေယျကျော်ထင် ဗိုလ်မှုးကြီးဘရှင်

(မြန်မာနိုင်ငံမှ တော်ဝင်သမိုင်းပညာရှင်)၏

အစ္စလာမ့်ဖြစ်စဉ်သမိုင်းစာအုပ်ကို ပြန်လည်တင်ပြသည်။

ကျော်မျိုးလွင်(ခေါ်)ဖိုက်ဇလ်ဟတ်က်

www.quraninburmese.com မှကူးယူဖေါ်ပြသည်

Credit : Posted by U soe Lwin

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s