မြန်မာနိုင်ငံအစ္စလာမ့် ဖြစ်စဉ်သမိုင်း(၁)

ကျမ်းဦးစကား

မကြာသေးမီ ရက်များအတွင်း (ဟိဂ်ျဂျရီ ၁၃၇၉ခု၊ ရမဒွါန်လ)က အစ္စလာမ့်ကောင်စီ ကိစ္စနှင့်ဖြူးမြို့သို့ရောက် ရှိခဲ့သည်။ ဖြူးမြို့ဗလီဝတ်ကျောင်းကြီးကို ထိုမြို့နေမွတ်စလင်မ်တို့က လှပ တင့်တယ်စွာ မွမ်းမံပြင်ဆင် ထား သည်ကို ဝမ်းမြောက်စွာနှင့် တွေ့ရသည်။ ဗလီဝတ်ကျောင်း အတွင်းမျက်နှာကြက် အောက်နံရံများ၏ အထက် နှုတ်ခမ်းတွင် ကျမ်းမြတ်ကုရ်အာန်မှ အာယသ် တော် ကောင်းနိုးရာရာများကို ရွေးချယ်၍ အရဗီဘာသာ စာလုံး ကြီး များနှင့်ထင်ရှားစွာ ရေးသားထားသည်ကို တွေ့ရ၏။ တာဝန်ခံပုဂ္ဂိုလ်များက ဗလီလာသူတိုင်း အရှင်မြတ်၏ မုက္ခပါဋ္ဌ်တော်များကို လွယ်ကူစွာတွေ့မြင် သတိရစေအံ့သောငှာ အသင့်ရေးပေး ထားခြင်းဖြစ်သည်ဟု ဆို သည်။

အရဗီကို မြန်မာအနက် အဓိပ္ပါယ်ဖြင့် နားမလည်ကြသော အများစုအတွက် မည်သို့အကျိုး ရှိအံ့နည်းဟု ဆန်း စစ် ရာ ထိုတာဝန်ခံများက အာယသ်တော် များအောက်တွင် မြန်မာဘာသာဖြင့် ရေးသားခြင်းမှာ အပြစ်ရှိ/မရှိ သံသ ယဖြစ်နေသည်က တစ်ကြောင်း ရှရီအသ်ကို အတန်ကျွမ်းကျင်သူတို့က မရေးသင့်၊ ရေးသည့်အစဉ် အ လာ မရှိဟု ဆိုကြသောကြောင့် တစ်ကြောင်း ဆိုင်းငံ့နေရပါသည်ဟု ဖြေကြသည်။

ဗလီအတွင်းမြန်မာစာရေးကောင်းသလော

ဤအဆိုပြုချက်မှာ စိတ်ဝင်စားဖွယ်ကောင်းသည်၊ စိုးရိမ်ကြောက်ရွံ့ ဖွယ်ရာလည်းဖြစ်သည်။ ဗလီတွင်း၌ အရှင့် မုက္ခပါဋ္ဌ်တော် များကိုပင်လျှင် မြန်မာစာပေနှင့် မရေးအပ်၊ ကျမ်းမြတ်ကုရ် အာန်ထဲတွင် မှတ်စု မှတ်ရာများကို မြန်မာစာနှင့် ပုံမနှိပ်အပ်၊ အလွန်ငရဲကြီးလိမ့်မည်ဟု အယူသီးအောင် မြန်မာစာမတတ်သူတို့က အသိညဏ်မဖွံ့ ဖြိုးသေးသော မြန်မာစာကိုသာတတ်သည့် တိုင်းရင်းသားမွတ်စ်လင်မ်တို့အား လှည့်ဖြားခဲ့ကြသည် မဟုတ်ပါ လော။

ကျမ်းမြတ်ကုရ်အာန်ထဲတွင် အရဗီစာတန်းများ ကြား၌သော်လည်းကောင်း၊ ဘေးနေရာလပ် များတွင်လည်း ကောင်း၊ ဒေါင်လိုက်ဖြစ်စေ၊ အလျားလိုက်ဖြစ်စေ၊ ကန့်လန့် ဖြစ်စေ ရနိုင်သည့် နည်းနှင့် အုရ်ဒူစာ များကိုရေး သား ပုံနှိပ်ထားသည် မဟုတ်ပါလော။ အုရ်ဒူစာကို ဗလီအတွင်း (မင်န်ဗရ်)ထိပ်၌ လည်းကောင်း၊ ခေါင်း ဆောင် ဝတ်ပြုရာ အထက်နံရံ၌ လည်းကောင်း၊ အရေး အပါဆုံး နေရာများတွင် ထင်ရှားစွာရေးသား ထားသည်ကို မ  ကြာခဏတွေ့ ရပေသည်။

အုရ်ဒူစာပေသည် သာသနာ့စာပေလော

ကျွန်ုပ်တို့နိုင်ငံ တိုင်းရင်းသား မွတ်စ်လင်မ်လောကတွင် နိုင်ငံခြားသား ရှေ့ဆောင်ဆရာများက နည်းပေး လမ်း ပြပြုနေသည်။ ထိုပုဂ္ဂိုလ်တို့သည် အုရ်ဒူစကား၊ အုရ်ဒူစာပေကို အသုံးပြုသူများ ဖြစ်ကြသကဲ့သို့ အုရ်ဒူ ယဉ် ကျေး မှုပတ်ဝန်းကျင် အတွင်းတွင် ကြီးပြင်းလာရ သူများဖြစ်ကြသည်။ သို့ ဖြစ်၍သူတို့ ယဉ်ပါးနေသော၊သူတို့ အ သုံးပြုနေသော အုရ်ဒူစာပေကို အရဗီစာပေ၏ အဆင့်အတန်းသို့ ရောက်အောင်မြှင့်တင် အသုံးပြုကြ သည် မှာ ဓမ္မ တာသာဖြစ်သည်။

ထိုသာသနာ့ ရှေ့ဆောင်တို့အနက် အများစုသည် မြန်မာစာနှင့် မြန်မာစကားကို မသုံးကြ။ တတ်လည်း မတတ် ကြ။ မြန်မာစာပေ အသုံးပြုသူအများစုမှာ မွတ်စလင်မ်မဟုတ်သူများ ဖြစ်ကြ သည်။ သို့ဖြစ်၍ မြန်မာစာပေ မှာ မွတ်စလင်မ်တို့နှင့် မဆိုင်ဟုသူတို့ ယူဆကြသည်။ မဆိုင်ရုံသာမက မြန်မာစာသုံးလျှင် ငရဲကြီးသည်၊ ပညတ် ချက်ကိုကျူးလွန်သည် ဟူသောအဆင့် ထိ အောင် ပြင်းထန်လာကြသည်။ ဤကဲ့သို့သော သာသနာ့ရှေ့ဆောင် တို့၏ အဆုံးအမအောက်တွင် နှစ်ရှည်လများ နေလာကြကုန်သော တိုင်ရင်းသား မွတ်လင်မ်တို့မှာ ဘာသာရေး၌ မြန်မာ စာသုံးခြင်းသည် ပညတ်ချက်ကို ကျူးလွန်ရာရောက်သည်၊ ငရဲကြီးသည်၊ ဗလီတွင်မရေးအပ်၊ ကုရ်အာန် ကျမ်းမြတ်တွင်လည်း မရေးအပ်၊ အခြားစကား မတတ်၍သာ မြန်မာစကားကို ပြော နေရသည်၊ အုရ်ဒူစကား ပြော တတ်လျှင်ပိုကောင်း မည်ဟူသော လွဲမှားသည့် အယူသီးမှုများ တဖြည်းဖြည်းရရှိ လာကြခြင်း ဖြစ်သည်။

သို့ ဖြစ်၍လည်း ဖြူးဗလီအတွင်း အာယသ်တော်များ၏ အောက်တွင် မြန်မာဘာသာနှင့် ပြန်ဆို ရေးသားရန် နှောင့်နှေးခြင်း၊ စိတ်စနောင့်စနင်း ဖြစ်နေခြင်းမှာ မထူးဆန်းတော့ပေ။

ကြောက်ဖွယ်အန္တရာယ်

ဤအယူသီးမှုမှာ ကျွန်ုပ်တို့သာသနာ့ ဖွံ့ ဖြိုးမှုနှင့်ကျင့်သုံးမှုတို့တွင် အလွန်ကြောက်ဖွယ် ကောင်းလှသော အ ဖျက်အစီး၊ အဟန့်အတားနှင့် အန္တရာယ်ဆိုးကြီး ဖြစ်နေသည်ကို သဘောပေါက် သူ နည်းပါး လိမ့်မည်ထင် သည်။

ဤအယူသီးမှုကို ဖြစ်အောင်ဖန်တီး ပေးသူတို့တွင် သဘောရိုးနှင့် မိမိတို့ယုံကြည်ချက် အတိုင်း ဆောင်ရွက်သူ များ လည်းပါသည်။ မြန်မာစာကိုမိမိတို့ လုံးဝမတတ်၊ တတ်ပြန်သော်လည်း မတောက်တခေါက် ဖြစ်နေသဖြင့် ရှေ့ဆောင်ဆရာ၏ ဂုဏ်သိက္ခာလည်း မပျက်ရလေအောင် မိမိနားလည်သည်ဖြစ်စေ၊ နားမလည် သည်ဖြစ်စေ၊ အုရ်ဒူစကားကို အရှင်မြတ်၏ မုက္ခပါဋ္ဌ် တော် ယောင်ယောင် ဖြစ်လာအောင် အုရ်ဒူစကားကို နကန်း တစ်လုံးမျှ နားမလည်သော မိမိ၏နောက်လိုက် ပရိတ်သတ်ရှေ့တွင် ဟိတ်ဟန်ဖြင့်ပြောဆို ကြွားဝါခြင်းဖြင့် လှည့် စားလာ ခဲ့ကြ သူများလည်းရှိသည်။

မြန်မာစာမတတ်၍ အုရ်ဒူကိုသိဒ္ဓိတင်ခြင်း

နိုင်ငံခြားမှလာရောက်၍ ရှေ့ဆောင်ဆရာ လုပ်နေသူအချို့မှာ အရဗီစာကို ဖတ်တတ်သည်။ အုရ်ဒူ စကားကိုမ တောက်တခေါက် ပြောတတ်သည်။ စာရေးသားမှု၌ မည်သည့်စာကိုမှ မရေး သားတတ်ကြ။ မိမိတို့ တိုင်းပြည် သို့ စာရေးလိုသောအခါ မိမိတို့ ဘာသာ၊ သို့မဟုတ် အုရ်ဒူစာကို ရေးတတ်သော အခြားပုဂ္ဂိုလ် တစ်ဦးဦး ထံ တိတ်တဆိတ်သွားရောက် အကူအ ညီတောင်း သည်ကို တွေ့ခဲ့ရဖူးသည်။ ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးများက မိမိ တို့ပြောရုံသာတတ်သော အုရ်ဒူစကားကို သိဒ္ဓိတင်လိုသောကြောင့် မြန်မာစကားပြောခြင်း၊ ရေးခြင်းတို့ မှာ မ သင့် ဟုရှရီအသ် ၏ အဆုံးအဖြတ်သဖွယ် ဟောပြောလာသည်မှာ ကျွနုပ်တို့ သာသနာအတွက် အလွန်ဝမ်းနည်း ဖွယ် ကောင်းလှပေသည်။

နိုင်ငံခြားသား ကျွန်ုပ်တို့၏သာသနာ့ညီနောင်

ကျွန်ုပ်တို့ နိုင်ငံတွင် အိန္ဒိယသား၊ ပါကစ္စတန်သား၊ မွတ်စ်လင်မ်အများ ရှိနေသည်။ သူတို့သည် လည်း အစ္စလာမ် သာသနာဝင် များဖြစ်သည့် အားလျော်စွာ သာသနာ၌ စိတ်ဝင်စားကြသည်။ မွတ်စ်လင်မ်ဖြစ် ကြသည့်အား လျော်စွာ သူတို့ မှာကျွန်ုပ်တို့၏ ရောင်းရင်း မိတ်ဆွေများသာမက မွတ်စ်လင်မ်ညီနောင် အုပ်စုဝင်များ လည်းဖြစ် သည်။ အထက်၌ဆိုခဲ့သော နိုင်ငံခြားသား ရှေ့ ဆောင်ဆရာများနည်းတူ သူတို့အထဲ၌ အများစုမှာ မြန် မာစာကို မတတ်ကြ။ ဗမာစကားကိုလည်း မတောက်တစ်ခေါက်သာ ပြောတတ်သည်။ သို့ နှင့် မြန်မာစာပေနှင့့် မြန်မာ စ ကားကို သူတို့ အထင်မကြီးကြ၊ မလေးစားလိုကြ၊ သူတို့တတ်သိသော အုရ်ဒူစာနှင့်စကား၊ ဘဂါလီစာနှင့် စကား၊ ဂူဂျရာတီစာနှင့် စကားစသည်ဖြင့် လူမျိုးကိုလိုက်၍ မိမိတို့စာပေကိုသာ လေးစားကြသည် ။ အလေးဂရုပြုကြ သည်။ ဤသည်မှာ ဓမ္မတာသာဖြစ်သည်။ မည်သို့ မျှ အပြစ်ဆိုဖွယ်ရာမရှိပေ။

အုရ်ဒူမတတ်လျှင် ဘာသာပျက်အံ့လော

ယင်းနိုင်ငံခြားသားတို့မှာ တိုင်းရင်းသား မွတ်စ်လင်မ်များထက် ပို၍ပစ္စည်းဥစ္စာ ကုံလုံကြွယ်ဝသည်။ မြန်မာနုင်ငံ အတွင်း၌ သုံးပစ်ရန် ငွေပိုငွေလျှံလည်း များစွာရှိကြသူများဖြစ်သည်။ သဘောရိုး သက်သက်နှင့်ဖြစ်စေ၊ ပယော ဂဝင်လျက်ဖြစ်စေ၊ မိမိတို့၏ငွေပို ငွေလျှံများကို အစ္စလာမ်သာသနာရေး အတွက် လှူဒါန်းသုံးစွဲကြသောအ ခါ တွင် တိုင်းရင်းသား မွတ်စလင်မ်များ ဖြစ်သော မွတ်စ်လင်မ်အများစုနှင့် ဆက်သွယ်မိလာသည်။ သို့ ဆက်သွယ် မိလာသောအခါ ၎င်းတို့ယုံကြည်သည့် အတိုင်းသဘောရိုးအားဖြင့် သော်လည်းကောင်း၊ ၎င်းတို့ လွှမ်းမိုးလှည့် စား လိုသည့်အတိုင်း ပယောဂယှဉ်၍သော် လည်းကောင်း၊ အုရ်ဒူစာပေသင်ကြားရေး၊ အုရ်ဒူစကားပြောဆိုရေး ကို ဖိ၍ အားပေးလာသည်။ အုရ်ဒူစာနှင့် ရေးထားသော ကျမ်းမှသာလျှင် မွတ်စ လင်မ်ကျမ်း ဖြစ်သည်ဟု ယုံ ကြည်အောင် ဖန်တီးလာကြသည်။ သူတို့၏စောင်မချက်ဖြင့် မြန်မာစာမတတ်သော ရှေ့ဆောင်ဆရာများသည်  တိုင်းရင်းသား မွတ်စ်လင်မ်လူထု အတွင်း သို့ ရောက်လာ တတ်ကြသည်။ အုရ်ဒူစာမှမတတ်လျှင် ဘာသာပျက် မည့်အခြေသို့  ရောက်လိမ့်မည်ဟု အထင်ရောက်လာအောင် ဖိလာကြသည်။

စေသနာသန့်နှင့်ပယောဂအလှူ

တိုင်းရင်းသားမွတ်စ်လင်မ်အများစုမှာ ထင်းခွေ၊ယာလုပ်၊ မီးသွေးဖုတ်၊လှည်းတိုက်၊ တောင်သူလယ် သမား စ သည်ဖြင့် ခွန်အားကိုစေစား၍ အသက်မွေးကြ ရသူများဖြစ်ရာ၊ မိမိတို့ရပ်ရွာရှိ ကျောင်းများအတွက် သော် လည်းကောင်း၊ ဗလီဝတ်ကျောင်းများ အတွက်သော်လည်းကောင်း၊ သာသနာရေး လုပ်ငန်းအတွက် သော်လည်း ကောင်း၊ ငွေကုန်ကြေးကျ ရှိလာသောအခါ ၎င်း တို့၏ချွေးနည်းစာမှာ မည်သို့ မျှ ထေမိအောင်၊ ကာမိအောင် မလုံ လောက်သဖြင့် ထိုပိုက်ဆံကြွယ်ဝသော နိုင်ငံခြားသား၊ သို့မဟုတ် နိုင်ငံခြားသားစိတ်ရှိသူ မွတ်စ်လင်မ် တို့ ထံတွင် လက် ဖြန့်ခံ ၍ တောင်းနေကြရသည်မှာ ကျွန်ုပ်တို့အသိပင် ဖြစ်သည်။ ထိုကြွယ်ဝသော ပုဂ္ဂိုလ်တို့က လည်း ရက် ရောစွာလှူဒါန်း ကြပါသည်။ ကျေးဇူးလည်း တင်ရပါမည်။

၎င်းတို့ကြောင့်၊ ၎င်းတို့၏ ဘိုးဘေးများကြောင့် မြန်မာနိုင်ငံတွင် ဗလီဝတ်ကျောင်းများနှင့် သာသနာ့ အဆောက် အဦများ ပေါ်ထွန်းခဲ့ရသည်ကိုလည်း ဂုဏ်ယူစွာဖြင့် ဖော်ပြရပါမည်။

သို့ရာတွင်အချို့လှူဒါန်းမှု၌ လှူဒါန်းလိုက်သော ငွေနှင့်ထက်ချပ်မကွာ ပါလာသော အန္တရာယ်သည် တစ်ခါ တစ်ရံ အထက်၌ဆိုခဲ့သော ကြောက်မက်ဖွယ် ကောင်းလှသည့် အယူသီးမှုပင် ဖြစ် သည်ကိုကား သတိမူ လိုက် မိသူ လွန်စွာနည်းပေလိမ့်မည်။

ထူးခြားသည်မှာ ထိုငွေရှင်၊ကြေးရှင် အချို့တို့သည် ဗလီဝတ်ကျောင်း အတွက်သော်လည်းကောင်း၊ အခြားကု သိုလ်ရေး ကိစ္စတစ်ခုခုအတွက် သော်လည်းကောင်း၊ လှူဒါန်းရန်ရှိသောအခါ အနည်းငယ်လက်တွန့် သည်ကို တွေ့ရသည်။

မဒ္ဒရစဟ်ခေါ်သော သာသနာ့စာသင် ကျောင်းများအတွက်နှင့် ယသင်မ်ခါနာခေါ်သော မိဘမဲ့ ကျောင်းများအ တွက် လှူဒါန်းရန်ရှိသောအခါ လွန်စွာရက်ရော ကြပေသည်။ ကိုယ်ဖိရင်ဖိလည်း ရှိကြသည်။အဖွဲ့ အစည်းကို ပင်ဖွဲ့စည်း၍ လှူကြသည်။ ထိုကျောင်းများကို မိမိတို့အဖွဲ့ နာမည်ပင်တပ်ပေး ထားကြသည်။ ဆရာများ ကို ရှာ ပေးသည်။ ဆရာ့လခ ကိုလည်းပေးသည်။ ကျောင်း သူ/ကျောင်းသားများ အတွက်စာအုပ်များကိုလည်း အခ မဲ့ဝေသည်။ မိမိတို့အကြိုက်ဖြစ်သော ကျောင်းသုံးစာအုပ်များကို ပြဋ္ဌာန်း၍ ပုံနှိပ်ထုတ်ဝေသည်။ သို့ဆောင်ရွက် ရာ၌ သဘောရိုး စေသနာသန့်သန့်နှင့် ဆောင်ရွက်သူလည်း ရှိသည်။ပယောဂယှဉ်၍ ဆောင်ရွက်သူလည်းရှိ သည်။

ဗမာမွတ်စ်လင်မ် ရှေ့ဆောင်များနှင့် နိုင်ငံခြားယဉ်ကျေးမှုမျက်မှန်

ထိုပုဂ္ဂိုလ်တို့၏ ဆောင်ရွက်မှုကို အောင်မြင်စေရန် ကူညီရိုင်းပင်း နေသူတို့တွင် ကျွန်ုပ်တို့တိုင်းရင်း သား မွတ်စ် လင်မ်များလည်း ပါသည်။ ထိုမွတ်စလင်မ်များမှာ အထက်၌ဆိုခဲ့သော မဒ္ဒရ စဟ်၊ယသင်မ်ခါနာတို့၏ အ ထောက်အပံ့ကို ယူ၍ သင်ကြား တတ်မြောက်ပြီးနောက် သူတို့၏ အကူအညီဖြင့် အိန္ဒိယပြည်နှင့် ပါကစ္စတန် ပြည်ရှိ ရှေ့ဆောင်သင် တန်းကျောင်းများသို့ သွား ရောက်သင်ကြား တတ်မြောက်လာသူများ အနက်မှ အချို့ဖြစ်သည်။

ယင်းမြန်မာမွတ်စလင်မ် ရှေ့ဆောင်များမှာ ငယ်ရွယ်စဉ်ကတည်းက အုရ်ဒူပတ်ဝန်းကျင် တည်း ဟူသော နို့ချို ကိုသောက်၍ ကြီးပြင်းလာရပြီးလျှင် အုရ်ဒူ၊အိန္ဒိယ၊ ပါကစ္စတန် ယဉ်ကျေးမှုများ အလယ်၌ လူလား မြောက်လာ ၍ ပညာရင့်ကျက် သူများဖြစ်သည့်အတိုင်း အုရ်ဒူယဉ်ကျေးမှု မျက်မှန်ဖြင့်သာလျှင် အစ္စလာမ်သာသနာကိုမြင် ကြ မည်သာဖြစ်သည်။

မြန်မာ့ယဉ်ကျေးမှု မျက်မှန်ဖြင့် အစ္စလာမ်သာသနာကို ၎င်းတို့ မမြင်နိုင်စွမ်းသည့်အတွက် ကျွန်ုပ် တို့အဖို့မှာ ဝမ်းနည်းရုံမှတစ်ပါး မည်သို့မျှ အပြစ်ဆိုနိုင်မည်မဟုတ်ပေ။

ဇေးယျကျော်ထင် ဗိုလ်မှုးကြီးဘရှင်(မြန်မာနိုင်ငံမှ တော်ဝင်သမိုင်းပညာရှင်)၏

အစ္စလာမ့်ဖြစ်စဉ်သမိုင်းစာအုပ်ကို ပြန်လည်တင်ပြသည်။

ကျော်မျိုးလွင်(ခေါ်)ဖိုက်ဇလ်ဟတ်က်

www.quraninburmese.com မှ ပြန်လည်ကူးယူဖေါ်ပြသည်။

Credit :    Posted by   ƧΔƬƲЯИ ,MMSY

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s