66 – တက္ကသိုလ်နန္ဒမိတ် (အစောဆုံး စစ်မှတ်တမ်းဘာသာပြန်စာအုပ်ရေးသူ)

တက္ကသိုလ်နန္ဒမိတ် (အစောဆုံး စစ်မှတ်တမ်းဘာသာပြန်စာအုပ်ရေးသူ)

 

အစောဆုံး စစ်မှတ်တမ်းဘာသာပြန်စာအုပ်
တက္ကသိုလ်နန္ဒမိတ်၏ မြန်မာပြည်စစ်မြေပြင် (၁၉၆၅)

 မူရင်းစာအုပ်အမည်မှာDefeat into victory ဖြစ်သည်။ ဖီးလ်မာရှယ် ဗိုလ်ချုပ်ကြီး ဆာဝီလျံဆလင်း၏ အတွေ့ အကြုံမှတ်တမ်းဖြစ်သည်။

ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တို့ တိုက်ခိုက်သော မြန်မာပြည် စစ်မြေပြင်နှင့်
ပတ်သက်၍ အပြည့်စုံဆုံးစာအုပ်ပင်ဖြစ်သည်။ ဤစာအုပ်တွင် ဆလင်းသည်
မြန်မာနိုင်ငံတော်လှန်ရေး အင်အားစုများအကြောင်း၊
ဗိုလ်ချုပ်အောင်ဆန်းအကြောင်းတို့ကိုလည်း ဖြည့်သွင်းရေးသားထားသည်။

တက္ကသိုလ်နန္ဒမိတ်သည် ဤစာအုပ်ကို ပြန်ဆိုရာတွင် အတော်ပင် အကျဉ်းချုံး၍
ပြန်ဆိုထားသော်လည်း ဤစာအုပ် အလျင်က ဤမျှပြည့်စုံသော
စစ်မှတ်တမ်းဘာသာပြန်စာအုပ် မရှိခဲ့သဖြင့် အထူးပင်အောင်မြင်မှုရရှိသည်။
ဤစာအုပ်ကြောင့် ပင် နောက်ပိုင်းတွင် မြန်မာနိုင်ငံနှင့်ပတ်သက်သော
စစ်ဘာသာပြန်စာအုပ်များ အများအပြားပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။
တက္ကသိုလ်နန္ဒိမိတ်ကိုယ်တိုင်လည်း နောက်ထပ် စစ်စာအုပ်များစွာ ပြန်ဆိုခဲ့သည်။
[ဘာသာပြန်စာပေစာတမ်းများ -ဒုတိယတွဲ၊ ဘာသာပြန် သုတ(ဝိဇ္ဇာ)စာပေ၊ နတ်နွယ်၊
လှသမိန်၊ ရန်ကုန်၊ စာပေဗိမာန်၊ ၁၉၉၀၊ စာ-၄၅-၄၆]

တက္ကသိုလ်နန္ဒမိတ် ( ၈ မတ် ၁၉၂၂ – ၁၅ နိုဝင်ဘာ ၁၉၆၈) သည် သံတွဲခရိုင် တောင်ကုတ်ဇာတိဖြစ်သည်။ အဖ မြို့ပိုင်
ဦးမောင်မောင်ကြီး အမိဒေါ်ရွှေတို့၏ သားဖြစ်သည်။ အမည်ရင်းမှာ မုဟမ္မဒ်အလီခေါ် ဦးတင်အောင်ဖြစ်သည်။ ၁၉၄၆ တွင် သံတွဲ
အစိုးရအထက်တန်းကျောင်းမှ အင်္ဂလိပ်စာဂုဏ်ထူးဖြင့် ဆယ်တန်းအောင်သည်။
ရန်ကုန်တက္ကသိုလ်တွင် ဆက်လက် ပညာသင်ခဲ့သည်။ ဂျပန်ခေတ်အတွင်း
ဖက်ဆစ်ဆန့်ကျင်ရေးလုပ်ငန်းများတွင် ကထိကဦးကျော်ရင်နှင့် အတူပါဝင်ခဲ့သည်။
တိုးတက်ရေးသတင်းစာ၊ ရောင်ခြည်ဂျာနယ်၊ ရုင်ရှင်ပဒေသာမဂ္ဂဇင်း၊ နဝဒေးမဂ္ဂဇင်း၊
စုံထောက်မဂ္ဂဇင်း၊ စစ်ပြန်မဂ္ဂဇင်းတို့တွင်
အယ်ဒီတာအဖြစ် မြဝတီမဂ္ဂဇင်းတွင် အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။
ဒေါက်တာသန်းဝင်း (မောင်သန်းဝင်း- ရန်ကုန်တက္ကသိုလ်)
B.A.(Honours), M.A., H.G.P., Ph.D.

————————————————————————–
အွန်လိုင်းမှာရှာလို့ရတယ့် ဆရာ့နန္ဒမိတ်ရဲ့ အချက်အလက်များကို ထပ်မံဖြည့်စွက်ပေါင်းစည်းပေးလိုက်ပါတယ်။

တက္ကသိုလ်နန္ဒမိတ် (၁၉၂၂-၁၉၈၆)

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့၌ အဖမြို့ပိုင် ဦးမောင်မောင်ကြီး၊ အမိဒေါ်ရွှေတို့က ၁၉၂၂-ခု၊ မတ် လ (၈)ရက်၊ကြာသပတေးနေ့တွင်
မွေးဖွားသည်။ အမြွှာညီအစ်ကိုနှစ်ဦးအနက် ပထမဖွားမြင်သော သားဖြစ်သည်။
မွေးချင်း (၃)ဦးတွင် အကြီးဆုံးဖြစ်သည်။ ငယ်စဉ်က ကိုကိုဟုခေါ်ခဲ့ကြသည်။
အမည်ရင်းမှာ ဦးတင်အောင်ဖြစ် သည်။ တောင်ကုတ်မြို့၊တိုင်းရင်းမြန်မာ အလယ်တန်းကျောင်းတွင် ပဥမတန်းအထိ ပညာသင်ကြားခဲ့။
၁၉၄၂ – သံတွဲမြို့ ကျောင်းသားသမဂ္ဂအမှုဆောင်အဖြစ် ဆောင်ရွက်ခဲ့။ နယ်ချဲ့မောင်းထုတ်ရေး ကျောင်းသားလှုပ် ရှားမှုတွင် ပါဝင်ခဲ့။
၁၉၄၅ – ၄၆ – သံတွဲမြို့၊ အစိုးရအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်စာမေးပွဲကို အင်္ဂလိပ်စာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့။
၁၉၄၆ – ရန်ကုန်တက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားခဲ့။
၁၉၄၇ – ဒီဇင်ဘာလထုတ် ဂျာနယ်ကျော် (တွဲ-၁၁၊ အမှတ်-၃)ပါ ”မောင်တို့ရခိုင်ပြည်” ကဗျာသည် အစောဆုံး စာပေလက်ရာဖြစ်သည်။
၁၉၄၉ – ၅၀ – ရန်ကုန်တက္ကသိုလ် နှစ်ပတ်လည်စာစောင်၊ မြန်မာစာကဏ္ဍတွဲဖက်စာတည်း။ ရန်ကုန်တက္ကသိုလ် ရခိုင်ကျောင်းသူ၊
ကျောင်းသားများအသင်း ဒု-ဥက္ကဌ။ ရန်ကုန်တက္ကသိုလ် ရခိုင်ကျောင်းသူ
ကျောင်းသားများအ သင်း မဂ္ဂဇင်းအယ်ဒီတာ၊ ရန်ကုန်တက္ကသိုလ်
ဗမာမွတ်စလင်ကျောင်းသူ၊ ကျောင်းသားများအသင်း မဂ္ဂဇင်းအယ်ဒီ တာ။
ရန်ကုန်တက္ကသိုလ် ရခိုင်အသင်းကြီးမှ ကြီးမှူးကျင်းပသော
ဝတ္ထုတိုပြိုင်ပွဲတွင် ”မောင်တင်အောင်(၀ိဇ္ဇာ- အထက်တန်း)” အမည်ဖြင့်
”ကဗျာတကျော့” ၀တ္ထုတို ပထမဆုရခဲ့။ ထိုနှစ်မှာပင်
ရန်ကုန်တက္ကသိုလ်နှစ်လည်စာ စောင် (တွဲ-၁၊ အမှတ်-၃)၌ ”ကိုယ်ပျောက်ဆေးလုံး
ပြဇာတ်”။ တော်ဝင်မဂ္ဂဇင်း၊ ရခိုင်ကျောင်းသူ၊ ကျောင်းသားများအသင်း
မဂ္ဂဇင်းတို့တွင် ‘ခေတ်၏ကြေးမုံ’ (တေးကြို)ကဗျာကို ရေးသားခဲ့။
၁၉၅၀ – ပြည့်နှစ်တွင် ၀ိဇ္ဇာတန်းနောက်ဆုံးနှစ်စာမေးပွဲ မဖြေတော့ဘဲ ကျောင်းထွက်ခဲ့။ ပထမဆုံးလုံးချင်း ”နန္ဒာပုလဲ” ၀တ္ထုကို ရေးသားထုတ်ဝေ။
(ဂျပန်ခေတ်တွင် ဂျပန်တော်လှန်ရေးလုပ်ငန်းကို မန္တလေးတက္ကသိုလ်
ပါမောက္ခချုပ်ဦးကျော်ရင်နှင့်အတူ လက်တွဲလုပ်ဆောင်ခဲ့။)
တက္ကသိုလ်မှထွက်ပြီးနောက်တိုးတက်ရေးသတင်းစာ တွင် လက်ထောက်အယ်ဒီတာ။
၁၉၅၃ – ၀ါးခယ်မမြို့ အစိုးရအထက်တန်းကျောင်း၌ အထက်တန်းပြဆရာ။
၁၉၅၄ – မြ၀တီမဂ္ဂဇင်းတိုက်ထုတ် ”ရောင်ခြည်ဂျာနယ်” အယ်ဒီတာ။ ထိုနှစ်မှာပင်
မြ၀တီမဂ္ဂဇင်း တာဝန်ခံ စာတည်း၊ စာတည်းချုပ်တာဝန်များကို (၁၉၆၀)ပြည့်နှစ်အထိ
ဆောင်ရွက်ခဲ့။ ”မောင်ကြီးလာပါဟေ့” လုံးချင်းဝတ္ထုထွက်။
၁၉၅၆ – ”ပန်းတိုင်းမွှေးပါစေ” ၀တ္ထုထွက်။
၁၉၆၀ -ရုပ်ရှင်ပဒေသာမဂ္ဂဇင်း အယ်ဒီတာ၊ န၀ဒေးမဂ္ဂဇင်း စာတည်းချုပ်၊
စာရေးဆရာမိုးဝေနှင့်အတူ ”စုံထောက်မဂ္ဂဇင်း”ကို အယ်ဒီတာအဖြစ်
ကိုယ်တိုင်ဦးစီးထုတ်ဝေခဲ့။ ”ရွှေပြည်ကြီး” မြန်မာရာဇ၀င်နောက်ခံဝတ္ထုနှင့်
”ပန်းဖွက်တမ်း” ရခိုင်ဓလေ့ရိုးရာအချစ်ဝတ္ထုတို့ကို ရေးသားထုတ်ဝေခဲ့။
၁၉၆၁ – သွေးသစ္စတာ၊ စောကြိုလှဲ့ပါ၊ ချစ်သောနီနီ၊ အချစ်လမ်းကလေးဝင်္ကပါ၊
မိုးတိမ်ကိုမျှော်၊ မိုးတိမ်ကိုမှာ စသော ပင်ကိုယ်ရေးဝတ္ထုများအပြင်
စာပေဆောင်းပါများကို စုစည်းကာ ”စာရေးချင်သောသူများသို့” စာပေဆိုင်ရာ
စာအုပ်များထုတ်ဝေခဲ့။
၁၉၆၃ – ”စစ်ကြောင်းချီသော်” စစ်ဝတ္ထုထုတ်ဝေ။ ”နန္ဒာပုလဲ” ဒု အကြိမ်ထွက်။ ”စာရေးချင်သောသူများသို့” ဒု အကြိမ်ထွက်။
၁၉၆၄ – ချင်းတွင်းကျော်လျှင်၊ သွေးကိုလမ်းခင်း၍၊ သင်ကြားပေးပါလေဦးဆရာ စာအုပ်များထွက်။ ”မောင်ကြီး လာပါဟေ့” ၀တ္ထု ဒုတိယအကြိမ်ထွက်။
၁၉၆၅- ဂျပန်တော်လှန်ရေးတိုက်ပွဲ။ အသက်ကိုဖက်ရွက်ပမာ၊ အင်ဖာတိုက်ပွဲ၊
ကလိန်စေ့ငြမ်းဆင်၊ မြန်မာ ပြည်စစ်မြေပြင်၊
မန္တလေးကိုဖြတ်၍တိုက်ပွဲအဆင့်ဆင့်စသော ဘာသာပြန်လုံးချင်း စာအုပ်များထွက်ရှိ။
၁၉၆၆- သွေးချောင်းစီးတိုက်ပွဲ၊ သံလွင်မြစ်ကမ်းတိုက်ပွဲ၊
လက်တကမ်းတိုက်ပွဲ၊တတိယမီးကျည်၊ စစ်ပြေး။ စင်ရယ် စနစ်ရယ် လူသားရယ်။
ဇက်တပ်ဖွဲ့စသောဘာသာပြန်လုံးချင်းများထွက်ခဲ့။ ”ရွှေပြည်ကြီးနှင့်အခြားဝတ္ထု
တိုများ”စာအုပ်ထွက် ”စာရေးချင်သောသူများသို့” (တ)အကြိမ်ထွက်။
၁၉၆၇ -အသေခံတပ်စု၊ ဆိုက်ပန်ကျွန်းတိုက်ပွဲ၊
ထောင့်ကိုးရာလေးဆယ့်နှစ်၊ပန်းပါစစ်ကြောင်း၊ မြ၀တီစစ် ကြောင်း၊
မြစ်ကြီးနားတိုက်ပွဲ၊ မိန်းမသုတေသန(၁၊၂)၊ ယုံကြည်ချက်အတွက်
အသက်စွန့်သူများ စသောလုံးချင်းစာအုပ်များထွက်ရှိခဲ့။
၁၉၆၈ – ဗန္ဓုလခံတပ်၊ စောနန္ဒာ၊ မိုးတိမ်ကိုစေ စသောစာအုပ်များထွက်။
၁၉၆၉ – သိပ္ပံစုံထောက်၊ သုံးရောင်ခြယ်တစ္ဆေသင်္ဘော ဘာသာပြန်လုံးချင်းများထွက်။
၁၉၇၁ – ဘ၀သစ္စာမေတ္တာလှိုင်း၊ တသိမ့်သိမ့်ဒွန် စာအုပ်များ ထွက်။ ‘မြန်မာပြည်စစ်မြေပြင်’ ဒုအကြိမ်ထွက်။
၁၉၇၇ – ဆယ်ပြည်ထောင်ချော့တော့မပြုံး၊ တောင်တကာ့တော ဆန်ကောနဲ့ကျားထောင် ၀တ္ထုများထွက်။
၁၉၈၁ – သေမင်းနောက်သို့ ခြေရာကောက်သော် (၂-တွဲ)ထွက်။
၁၉၈၂ – တိုင်တန်းနစ် (၂-တွဲ)၊ သွေးစက်ခြေရာ(၂-တွဲ) ဘာသာပြန် စာအုပ်များထွက်။
၁၉၈၃ – တစ်သောင်းမှာတစ်ယောက်၊ သန်းခေါင်ယံခုနှစ်မီးနစ် စာအုပ်များထွက်။
၁၉၈၄ – မဟာခရီးရှည်၊ မိုးပြိုမပြို၊ အတွေ့စိမ်းစိမ်း၊ ဟစ်တလာ့ အမွေ၊ စသောစာအုပ်များထွက်။
၁၉၈၅ – တိုက်ဖွန်၊ နောင်ဥဒါန်းဘယ်မကြေစရာ၊ ဘီလူးစည်းလူ့စည်း (၂တွဲ) စသောဘာသာပြန်လုံးချင်းများ ထွက်။
၁၉၈၆ – သံမဏိသစ္စာ၊ ၃၄-အရှေ့၊ ဘာသာပြန်လုံးချင်းများထွက်။
၁၉၈၆ – နိုဝင်ဘာ (၁၅)ရက်၊ စနေနေ့ ည (၁၀း၀၅)နာရီအချိန်တွင်
အင်းစိန်မြို့ရွာမအရှေ့၊ အောင်မင်္ဂလာလမ်း သွယ်၊ အိမ်အမှတ် (၉၉၁)တွင်
ကွယ်လွန်၊ကွယ်လွန်ချိန်တွင် ဇနီးဒေါ်သန်းနုနှင့် သမီးစောသီတာနန္ဒမိတ်၊
စောစန္ဒာနန္ဒမိတ်၊ သား ဇေယျာနန္ဒမိတ်၊ စိန္တာနန္ဒမိတ်၊ ဥက္ကနန္ဒမိတ်
တို့ကျန်ရစ်ခဲ့။

ထင်ရှားသောစာအုပ်အချို့
(၁) နန္ဒာပုလဲ၊
(၂) မြ၀တီစစ်ကြောင်း
(၃) ပန်းပါစစ်ကြောင်း
(၄) ရွှေပြည်ကြီး
(၅) ယုံကြည်ချက်အတွက် အသက်စွန့်သူများ
(၆) ဗန္ဓုလခံတပ်
(၇) မြန်မာပြည်စစ်မြေပြင်
(၈) သံလွင်တိုက်ပွဲ
(၉) မြစ်ကြီးနားတိုက်ပွဲ
(၁၀) မန္တလေးကိုဖြတ်၍
(၁၁) စာရေးချင်သောသူများသို့
(၁၂) တတိယမီးကျည်
(၁၃) သန်းခေါင်ယံခုနှစ်မီးနှစ်
(၁၄) အင်ဖာတိုက်ပွဲ
(၁၅) တိုင်တန်းနစ် (၂-တွဲ)
(၁၆) သုံးရောင်ခြယ်တစ္ဆေသင်္ဘော

 

စာညွှန်း ။ ။

1. မလိခ။ မြန်မာ ဝတ္ထု အညွှန်း (၁)။ စာ ၁၉၈ – ၂ဝ၉။
2. မလိခ။ မြန်မာ စာပေ အဘိဓာန် (၂)။ စာ ၃ဝ၉။
3. မောင်ကျော်သာ။ တစေ့ တစောင်း စာရေး ဆရာ တို့၏ အကြောင်း။ စာ ၁ဝ၉ – ၁၂၄။
4. နတ်နွယ်။ မိမိနှင့် စာရေး ဆရာများ။ စာ ၃၃၈ – ၃၄ဝ။
5. စာရေး ဆရာများ။ တက္ကသိုလ် နန္ဒမိတ် သို့မဟုတ် ကောင်းကင်နှင့် မြေကြီးကို တောင်းခံသူ (၂ဝဝ၄)။
6. မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ် (၁၉၈၇)။ စာ ၁၇၁ – ၁၇၂။]

 

 

Credit :  Posted by Chit Oo, MMSY

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s