52 – ရဲဘော် ကိုထွေး

ရဲဘော် ကိုထွေး

Posted by ချစ်ဦး

 

မန္တလေးမြို့ ဗေါဓိကုန်းရပ် ၊ တောင်ပြင် သိပ္ပံရပ် ပင်စင်စား လယ်ယာစိုက်ပျိုးရေး ၀န်ထောက် အင်ဂျီနီယာ  ဦးကိုကိုလေး၊ ဒေါ်မင်းရီတို့၏ ဆဋ္ဌမမြောက် သားဖြစ်သည်။ န၀မတန်းအထိ ပညာသင်ကြားခဲ့သည်။ အသက် ၁၈ နှစ် အရွယ်တွင် ပညာရေးဝန်ကြီး ဦးရာဇတ်၏ သက်တော်စောင့်အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် အာဇာနည် ခေါင်းဆောင်ကြီးများကို လုပ်ကြံသော မသမာသူတို့၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရသည်။

ကျွန်တော့် အာဇာနည်

 

Posted by Kyaw Moe Aung

 

 


၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ဟာ မြန်မာတစ်မျိုးသားလုံး ယူကြုံးမရ အပူလုံးကြွကြရတဲ့ နေ့ပါ။ အစားထိုးမရနိုင်တဲ့ နိုင်ငံခေါင်းဆောင်ကြီးများကို မသမာသူ လူတစ်ခုက ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်လိုက်ကြလို့ပဲ ဖြစ်ပါတယ်။ ကျွန်တော့်အဖို့မှာတော့ အဲဒီအချိန်က အသက် ၇ နှစ်သာသာလောက်ရှိနေသေးတဲ့အရွယ်ဖြစ်တာမို့ ဒီအာဇာနည်ခေါင်းဆောင်ကြီးများအတွက် ယူကြုံးမရဖြစ်လောက်အောင် ခံစားနာကျင်ရမှန်း သိနားလည်ခြင်း မရှိခဲ့သေးပါဘူး။

 

ဒါပေမယ့် ယနေ့ထက်ထိ ဘယ်သူ့ကိုမှ (ယုတ်စွအဆုံး ကျွန်တော့်မိခင်ကြီးကိုသော်မှ) ဖွင့်ဟပြောပြခြင်း မပြုခဲ့တဲ့ အာဇာနည်တစ်ယောက်အတွက်ကိုတော့ အဲဒီအသက်အရွယ်ကတည်းက စိတ်မကောင်းဖြစ်ရမှန်း ဝမ်းနည်းရမှန်း သိနေခဲ့တယ်လို့ ဆိုရပါမယ်။

 

နှစ်စဉ်နှစ်တိုင်း ဇူလိုင်လ ၁၉ ရက်နေ့ ရောက်ပြီဆိုရင် နိုင်ငံတော် အကြီးအကဲများ၊ သံတမန် အရာရှိများ၊ အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ ဆွေမျိုးညာတိများ စသည်စသည်တို့ဟာ အာဇာနည်ဗိမာန်ကို စုရုံးသွားရောက်ပြီး လွမ်းသူ့ပန်းခွေများနဲ့အတူ ဂါရဝပြုလေ့ရှိကြသလို နိုင်ငံတော်အကြီးအကဲများက မြို့တော်ခန်းမမှာ၊ သက်ဆိုင်ရာ ဆွေမျိုးညာတိများက မိမိတို့ အိမ်မှာ သံဃာတော်များကို ပင့်ဖိတ်ပြီး လှူဖွယ်ဝတ္ထု အစုစုနဲ့ ဆွမ်းကျွေးတရားနာ၊ ရေစက်ချ အမျှဝေခဲ့ကြတာ ခုဆိုရင် ဘာလိုလိုနဲ့ အနှစ်ငါးဆယ် တိုင်ပါတော့မယ်။

 

ကျွန်တော့်မှာကတော့ ကျွန်တော့်ရဲ့ အာဇာနည်တစ်ဦးအတွက် ငွေငါးကျပ်နဲ့ ညီမျှတဲ့ အကြွေတစ်ထုပ် နဲ့အတူ အာဇာနည်ကုန်းနဲ့ အနီးဆုံး ရွှေတိဂုံကုန်းတော်က သွေးဆေးကန်စောင်းတန်းကိုသွားပြီး စောင်းတန်းတစ်လျှောက်မှာ အလှူခံနေကြတဲ့ ရဟန်းအို၊ သီလရှင်အိုများနဲ့ တကွ အဖိုးအို၊ အဖွားအိုများရဲ့ အလှူခံခွက်ထဲကို အကြွေစေ့လေးတွေ ချွင်ကနဲ၊ ဒေါက်ကနဲ မြည်အောင် လောင်းထည့်ရင်း ကျွန်တော့် အာဇာနည်ရဲ့ အမည်ကို တမ်းတပြီး အမျှဝေခဲ့ရတဲ့ အကြိမ်ပေါင်း မနည်းတော့ပါဘူး။

ဘာဖြစ်လို့ အလှူခံခွက်ထဲကို ရိုးရိုးတန်းတန်း မလောင်းလှူဘဲ ချွင်ကနဲ့ ဒေါင်ကနဲမြည်အောင် ထည့်ရတာလဲလို့ မေးလာရင်တော့ အစွဲအလန်းကြောင့်လို့ပဲ ပြောရမယ်ထင်ပါတယ်။

 

ငယ်စဉ်က မိခင်ကြီးနဲ့အတူ တရားပွဲတစ်ခုကို လိုက်ပါသွားရင်း ဘုန်းကြီးဟောတဲ့ တရားထဲမှာ ကြားညှပ်ဟောသွားတာလေးကို မှတ်မှတ်ရရဖြစ်နေခဲ့လို့ပါ။ လုံးစေ့ပတ်စေ့တော့ မမှတ်မိတော့ပါဘူး၊ အတိုချုပ်ကတော့ “အလှူခံခွက်ထဲကို အကြွေစေ့လေးလောင်းထည့်လိုက်လို့ “ချွင်” ကနဲ ထွက်ပေါ်လာတဲ့ အသံဟာ အလှူရှင်ရဲ့ စေတနာအတိုင်းအတာအလျောက် ကောင်းမှုကုသိုလ်ရဲ့ အဖို့ဘာဂကို ရည်စူးခံရသူနဲ့တကွ သောင်းတိုက်က ကြားရတယ်” လို့ မှတ်သားထားမိဖူးတာကြောင့်ပဲ ဖြစ်မှာပါ။

 

ဒါကြောင့် တမလွန်မှာ ရှိနေတဲ့ ကျွန်တော့ အာဇာနည်ဟာ ဗုဒ္ဓဘာသာဝင်တစ်ယောက် မဟုတ်သည့်တိုင် ကျွန်တော်က သူ့ကို ရည်စူးပြီး မြတ်မြတ်နိုးနိုး သဒ္ဓါထက်ထက်နဲ့ ပြုလိုက်တဲ့ ကောင်းမှုကုသိုလ် အဖို့ဘာဂကို သူရလိမ့်မယ်လို့ ဟိုငယ်စဉ်ကလေးဘဝက စပြီး ယခုထက်တိုင် ရိုးစင်းစွာ ယုံကြည်နေခဲ့ မိပါတယ်။

x x x x x x x x x x x x x x

ကျွန်တော့်အာဇာနည် ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ဖွင့်ဟမပြောပြမီ ကျွန်တော်က သူ့ကို ဘာကြောင့် အာဇာနည်၊ ဒါမှမဟုတ် လူစွမ်းကောင်းရယ်လို့ စွဲမြဲမှတ်ယူခဲ့မိတယ်ဆိုတာကို အစကနေ ပြန်ပြောမှ ဇာတ်ရည်လည်ပါလိမ့်မယ်။

 

အခုချိန်မှာ သူနဲ့ ပတ်သတ်တဲ့ မိဘဆွေမျိုး ညီအစ်ကိုမောင်နှမတွေ ရှိချင်မှလည်း ရှိကြပါတော့မယ်။ ရှိခဲ့လျှင်သော်မှ ခေါင်းဖြူစွယ်ကျိုး အဖိုးအို အဖွားအိုတွေ ဖြစ်နေကြလောက်ပါပြီ။ ပြီးတော့ ကျွန်တော်ကသာ ဒီအဖြစ်အပျက်ကို ရင်ထဲ အသည်းထဲမှာ သံမှိုနှက်ထားသလို ဖြစ်ခဲ့ရပေမယ့် သူတို့ အဖို့ကတော့ မန္တလေးရဲ့ ညဥ့်ဦးယံမှာ သဲသဲလှုပ်နေလို့ သားမြီးယပ်နဲ့ တဖြတ်ဖြတ်ခါချနေရတဲ့ ခြင်တွေထဲက တစ်ကောင်တစ်လေမျှသာ ဖြစ်ချင်ဖြစ်နေခဲ့မှာပါ။

 

ကျွန်တော် ငယ်စဉ် ကလေးဘဝက မေမြို့ (ယခု ပြင်ဦးလွင်) မှာ ကျောင်းစနေရပါတယ်။ ၁၉၄၆ ခုနှစ်ပေါ့။ မမကြီး (ကျွန်တော့်အစ်မ အကြီးဆုံး) တို့ ဇနီးမောင်နှံမှာ သားသမီး မထွန်းကားလေတော့ အငယ်ဆုံးဖြစ်တဲ့ ကျွန်တော့ကို တာဝန်ယူပေးကြပါတယ်။ ယောက်ဖကြီးက စစ်ဗိုလ်ပါ။

 

ကျွန်တော်တို့ နေရတဲ့ တပ်မတော်အရာရှိရိပ်သာက ဘီတီဘရားသား ရေကူးကန်နဲ့ နောင်ခမ်းကြီးကို သွားတဲ့လမ်း (စိန့်ဂျိုးဇက် ကွန်ဗင့် အလွန်) မှာ ရှိပါတယ်။ လုံးချင်းတစ်ထပ်တိုက် နီနီလေးတွေပါ။

 

အရာရှိရိပ်သာနဲ့ မျက်နှာချင်းဆိုင် (လျှိုကြီးရဲ့ တစ်ဖက်) မှာက တပ်အခေါ် ဖင်မလီလိုင်း (ရဲဘော် အိမ်ထောင်သည်လိုင်း) ရှိပြီး အဲဒီမှာ ဆာဂျင် သာချိုနဲ့ သူ့ဇနီး မမြဝင်းတို့ နေကြပါတယ်။ သူတို့ ဇနီးမောင်နှံက တရင်းတနှီးရှိကြသလို ကျွန်တော်ကလည်း သူတို့ရဲ့ ခြောက်လ ခုနစ်လအရွယ် သားကလေး ဝဝကစ်ကစ်ကို ချစ်လွန်းလို့ တာတူးတူး၊ တာတူးတူးနဲ့ ခေါ်ပြီး ညနေပြီး ချီပိုးထိန်းကျောင်းပေးနေခဲ့တာပေါ့။

 

ဒီဇင်ဘာလ ကျောင်းတွေပိတ်တော့ ကျွန်တော်က အမေ့ကို လွမ်းလို့ ရန်ကုန်ကို ပြန်ချင်တယ်ဆိုပြီး မမကြီးကို ပူဆာမိတယ်။ အကြောင်းက တိုက်ဆိုင်ချင်တော့ ဆာဂျင်သာချိုကလည်း တပ်က ခွင့်ရလို့ မမြဝင်းမိဘများရှိရာ ရန်ကုန်ကို အရင်ဆင်းပြီးမှ မန္တလေးကို ပြန်တက်မယ်ဆိုတာ သိရတယ်။ ဒီအခါမှာ မမကြီးက လူကြုံကောင်းတယ်ဆိုပြီး ကျွန်တော့်ကို သူတို့နဲ့ ထည့်ပေးလိုက်ပါတယ်။

 

ရန်ကုန်မှာ အမေတို့နဲ့ ဆယ့်ငါးရက်လောက်ပဲ နေလိုက်ရတယ်ထင်ပါရဲ့။ မကြာမီ ကိုသာချိုရောက်လာပြီး မန္တလေးမှာ ငါးရက်စတည်းချကြဦးမှာမို့ တစ်ရက်နှစ်ရက်အတွင်း ပြန်တော့မယ့်အကြောင်း သတင်းလာပို့ ပါတယ်။

 

ကျောင်းပြန်ဖွင့်ချိန်ကလည်း နီးနေပြီ။ တကူးတကနဲ့လည်း ပြန်ပို့ပေးနေစရာမလိုတော့ဘူးဆိုပြီး အမေက ကျွန်တော့်ကို ကိုသာချိုတို့နဲ့အတူ ပြန်ထည့်ပေးလိုက်ပါတော့တယ်။

မန္တလေးကိုရောက်တော့ ကိုသာချို မိဘများရှိရာ ဗောဓိကုန်းက အိမ်ကြီးမှာ တည်းကြရပါတယ်။ အဲဒီအချိန်က ကျွန်တော့်အသက် ခြောက်နှစ်လောက်သာရှိသေးပေမယ့် တစ်သက်နဲ့တစ်ကိုယ် တစ်ကြိမ်သာ ရောက်ဖူးခဲ့ရတဲ့ ဗောဓိကုန်းအိမ်ကြီးနဲ့ တစ်ကြိမ်သာ ဆုံတွေ့ဖူးခဲ့ရတဲ့ ကိုသာချိုရဲ့ မိဘ ညီအစ်ကို မောင်နှမများရဲ့ အသွင်သဏ္ဍာန်တွေကို စေ့စေ့တွေးရင်း ရေးရေးပေါ်နေပါသေးတယ်။

 

ကိုသာချို ဖခင်ကြီးက အသားမည်းမည်း ထောင်ထောင်မောင်းမောင်း ဗိုက်ပူပူကြီးပါ။ ဧည့်ခန်းထဲက ကြိမ်ကုလားထိုင်ကြီးမှာသာ အမြဲထိုင်လေ့ရှိပါတယ်။ မိခင်ဖြစ်သူကတော့ အသားဖြူဖြူ ကိုယ်လုံးကိုယ်ထည် အနေတော်ပြီး သဘောကောင်းပုံရပါတယ်။ ကိုသာချိုအထက် အစ်မကြီးဆိုတာက အသားဖြူဖြူ ခပ်တောင့်တောင့်နဲ့ မျက်နှာထား မာကျော ခက်ထန်ပါတယ်။ သူ့မှာ သုံးလေးနှစ်အရွယ် သားလေးနှစ်ယောက်လည်း ရှိပါတယ်။ ညနေတိုင်း ခြံထဲကိုလာလေ့ရှိတဲ့ အစ်ကိုအကြီးဆုံးဆိုတဲ့ လူကတော့ အသားညိုညိုနဲ့ မျက်နှာက အမြဲပြုံးနေလေ့ရှိပါတယ်။ သူက ဘောင်းဘီရှည်နဲ့ စပို့ရှပ်ဝတ်လာလေ့ရှိပြီး ဘောက်ဆင်ထိုးတယ်လို့လည်း သိရပါတယ်။ သူတို့ရဲ့ ညီအငယ်ဆုံးကတော့ ကိုထွေးတဲ့။

 

ကိုထွေးကလည်း အသားညိုညို ပါပဲ။ ဥပမာပြရရင် ကွယ်လွန်သူ ရုပ်ရှင်မင်းသား ပြေငြိမ်းအညိုစားလေးလို့ ပြောရပါမယ်။ သူ့မှာ ထူးခြားတာက စိမ်းလဲ့ညိုမှောင်ပြီး ဆက်လျက်ရှိတဲ့ မျက်ခုံးများအောက်က ကြည်လင်တောက်ပနေတဲ့ ဂရုဏာ မျက်ဝန်းအစုံပဲဖြစ်ပါတယ်။ အသက်ကလည်း ဆယ့်ခွန် ဆယ့်ရှစ်လောက်ပဲ ရှိဦးမယ်ထင်ပါရဲ့။

 

ဒီအိမ်ကြီးထဲမှာ မိသားစုဝင်မဟုတ်တဲ့ နောက်တစ်ဦးကတော့ အသားမည်းမည်း ပိန်ကပ်ကပ်နဲ့ မျက်နှာပေါက် ခပ်ဆိုးဆိုး အိမ်ဖော် အမျိုးသမီးပဲဖြစ်ပါတယ်။

 

ဒီလူတွေ အားလုံးထဲက ကိုထွေးတစ်ဦးမှလွဲ၍ ကျန်လူများရဲ့ အမည်ကို ကျွန်တော်မသိခဲ့ပါ။ မသိဆို ကလေးကလည်းဖြစ်ပြန် ကိုသာချိုနဲ့ မမြဝင်းတို့ကလည်း မန္တလေးရောက်ခိုက် တစ်နေ့တစ်နေ့ ဆွေမျိုးများအိမ်၊ အသိမိတ်ဆွေများအိမ် လျှောက်လည်နေကြပြီး ကျွန်တော်တစ်ယောက်တည်း အိမ်ပေါ်ထပ်က ကျွန်တော့်အိပ်ယာလေးထဲမှာ ကျန်ရစ်ခဲ့ရသောကြောင့်လည်း ဖြစ်မည်ထင်ပါတယ်။ တစ်ခါတစ်ရံမှသာ ကိုသာချို့အစ်မကြီးရဲ့ သားလေးနှစ်ယောက်နဲ့ အိမ်ရှေ့ဆင်ဝင်အောက်မှာ ကစားခွင့်ကြုံခဲ့ဖူးရပါတယ်။

 

ကိုထွေးကတော့ ညနေတိုင်း အပြင်က ပြန်လာတာနဲ့ ရေမိုးချိုး၊ ပြီးလျှင် ကျွန်တော်နဲ့ သူ့တူကလေးနှစ်ယောက်ကို လက်ဆွဲပြီး သူတို့ခြံရှေ့ မကျဉ်းပင်တွေ အစီအရီအုံ့ဆိုင်းညို့မှိုင်းနေတဲ့ တောတန်းဘက်ကို လမ်းလျှောက်ခေါ်သွားလေ့ရှိပါတယ်။ အပြန်ကျရင်လည်း အကြော်တဲလေးတစ်ခုမှာ ဝင်ပြီး တို့ဟူးကြော်တို့ ပဲကပ်ကြော်တို့ ဝယ်ကျွေးတတ်သေးတယ်။ ဒီတော့ကာ ကိုထွေးနဲ့ပဲ တရင်းတနှီး လက်ပွန်းတတီးရှိခဲ့ရတာပေါ့။

 

ဗောဓိကုန်းအိမ်ကြီးဟာ ခြံကြီးဝင်းကျယ်ထဲမှာ ရေနံတွေ ဝနေတဲ့ ဆင်ဝင်နဲ့ နှစ်ထပ်ပျဉ်ထောင်အိမ်ကြီးပါ။ သီးပင်စားပင်တွေလည်း ပေါများပြီး ဆင်ဝင်ရှေ့တည့်တည့်မှာ အသီးတွေ ပြွတ်သိပ်နေတဲ့ ဆီးချိုပင်လည်း ရှိပါသေးတယ်။ ကလေးတို့ဘာဝ စားချင်စိတ်ရှိပေမယ့် တစ်ခါမှ ကိုယ့်သဘောနဲ့ကိုယ် ခူးမစားရဲခဲ့ပါဘူး။ တစ်ခါတစ်ရံ ကိုထွေးရဲ့တူကလေးနှစ်ယောက် ခူးစားနေခိုက်ကြုံလို့ သူတို့ကပေးရင်သာ စားမိဖူးပါရဲ့

ကျွန်တော့ပင်ကိုယ်အကျင့်ကလည်း တစ်မျိုးပါ။ ကိုယ့်အိမ်မှာတောင်မှ စားပွဲပေါ်မှာ မုန့်တွေတင်ထားတာ၊ ကြိုးတန်းပေါ်မှာ ငှက်ပျောဖီးချိတ်ထားတာ မြင်နေရပေမယ့် ဘယ်တော့မှ ကိုယ့်လက်ကိုယ့်ခြေ ယူမစားတတ်ပါဘူး။ အမေတို့ အစ်မတို့က စားပွဲပေါ်မှာ မုန့်ရှိတယ်၊ ယူစားချင်ယူစား ပြောတဲ့ တိုင်အောင်လည်း ယူမစားပါ။ အဲ ကျွန်တော့်အတွက် သတ်သတ်မှတ်မှတ် ဝေပုံကျပေးရင်သာ စားတတ်တဲ့ ခုအသက်အရွယ်ထိလည်း အရိုးစွဲနေတဲ့ ခွကျကျ အကျင့်မျိုးလို့ပဲ ပြောရမယ်ထင်ပါတယ်။

 

ဗောဓိကုန်းအိမ်ကြီးမှာ လေးငါးရက်တည်းခိုနေရတဲ့အခိုက် ပြန်ခါနီးတစ်ညမှာ ပြဿနာတစ်ခုနဲ့ ကြုံရပါတော့တယ်။ ကျွန်တော့်အဖို့ ဆွမ်းခံရင်း ငှက်သင့်တယ်လို့ ဆိုရမလားပဲ။

 

ကိုသာချို့အစ်မကြီးရဲ့ ပိုက်ဆံငါးကျပ်ပျောက်တာ ကျွန်တော်ယူပါတယ်လို့ စွပ်စွဲခံရပါတယ်။ အိမ်အောက်ထပ် ထမင်းစားခန်းက စားပွဲဝိုင်းကြီးမှာ အလယ်က ကုလားထိုင်မှာ တရားလို ကိုသာချို့ အစ်မကြီးက ထိုင်ပြီး တစ်ဘက်တစ်ချက်မှာက ကိုသာချို့အမေကြီးနဲ့ မမြဝင်းတို့ထိုင်နေပါတယ်။ သူတို့နောက်နားမှာကတော့ တံမြက်စည်းတစ်ချောင်းကို ကိုင်လျက် မတ်တပ်ရပ်ပြီး ကျွန်တော့်ကို ကြည့်နေတဲ့ အိမ်ဖော်အမျိုးသမီးပါ။

 

တရားခံလို့ခေါ်ရမယ့် ခြောက်နှစ်သားကျွန်တော်ကတော့ သူတို့နဲ့မျက်နှာချင်းဆိုင်မှာ လက်နှစ်ဖက်ပိုက်ပြီး ငိုမဲ့မဲ့ ရပ်လျက်ရှိနေပါတယ်။ ဒီငွေငါးကျပ်ဆိုတာကို သူတို့ဘယ်မှာထားလို့ ဘယ်လိုပျောက်တယ်ဆိုတာ ကျွန်တော်မသိရိုးအမှန်ပါ။ ဒါပေမယ့် ကိုသာချို့အစ်မကြီးက…

 

“နင်ယူထားတာမဟုတ်လား၊ မှန်မှန်ပြော” လို့ ဇွတ်ကို စွပ်စွဲနေလေတော့ မျက်ရည်တွေ တလိမ့်လိမ့်စီးကျလာပြီး ခေါင်းကိုသာတွင်တွင်ခါနေမိတော့တယ်။ ဒီအခါမှာ မမြဝင်းက ထိုင်ရာကထလာပြီး တင်ပါးကို ဆပ်ကနဲ တစ်ချက်ရိုက်ရင်း…

 

“မှန်မှန်ပြောရင်ပြော၊ မပြောရင် ဆေးဖယောင်းတိုင်ထွန်းမယ်” လို့ခြိမ်းခြောက်လာပြန်ပါတယ်။

 

ကာကီဘောင်းဘီတိုကလေး ဝတ်ထားရက်သားမို့ မမြဝင်းလက်ဝါးနဲ့ ရိုက်လိုက်တာ သိပ်မနာပါဘူး။ ဒါပေမယ့် ရင်ထဲမှာ ကျင်ကနဲဖြစ်သွားတယ်။ ကျွန်တော့်မမကြီးက မမြဝင်းတို့ လင်မယားနဲ့ခင်လို့ မေမြို့ကနေ ရန်ကုန်ကို ထည့်ပေးလိုက်တာဖြစ်သလို အမေကလည်း သူတို့ကိုယုံပြီး ရန်ကုန်ကနေ ပြန်ထည့်ပေးလိုက်တာ မဟုတ်လား၊ ကလေးပေမယ့် အဲဒီလောက်တော့ တွေးတတ်လိုက်မိတယ်။ ဒါကို သတိထားမိတဲ့ ကိုသာချို့အစ်မကြီးက…

 

“တွေ့လား၊ တွေ့လား၊ လူက လက်တစ်ဆစ်ရှိသေးတယ်၊ မာကျောကျောနဲ့၊ နင်ဟိုနေ့က ဆီးချိုသီးခိုးပြီး ခူးစားတာလည်း ဟိုကောင်မ မြင်တယ်” လို့ အိမ်ဖော်မကို မေးငေါ့ပြပြီး သူ့စွဲချက်ကို မြှင့်ပြန်ပါတော့တယ်။

 

ဒီတော့မှ ကျွန်တော်ခိုးစားတာလည်း မဟုတ်သလို ခူးစားတာလည်း မဟုတ်ရပါကြောင်း ရှိုက်သံတစ်ဝက်နဲ့ ပြန်ပြောမိတယ်။ အမျိုးသမီးကြီးက မဲ့ကာ ရွဲ့ကာနဲ့ လက်ခံချင်ပုံမရပါဘူး။

 

အဲဒီအချိန်မှာ အပြင်က ပြန်ရောက်လာတဲ့ ကိုထွေးက နီးရာကုလားထိုင်တစ်လုံးကိုဆွဲယူပြီး ပြောင်းပြန် ခွထိုင်လိုက်ပါတယ်။ ကျွန်တော်ကလည်း မျက်စိသူငယ်နဲ့ ကိုထွေးမျက်နှာကို အားကိုးတကြီး ကြည့်နေမိတာပေါ့။

 

သူ့အစ်မကြီးက ကိုထွေးကို အကျိုးအကြောင်းပြောပြတဲ့အခါ ကိုထွေးက မယုံရဲယုံရဲမျက်နှာနဲ့ ကျွန်တော့်ကို အားနာစွာ စူးစမ်းသလိုကြည့်နေရှာတယ်။ မျက်နှာစိမ်းများအလည်မှာ ခြောက်နှစ်သား ကလေးငယ်တစ်ယော်ကရဲ့ အားငယ်စိတ်ဟာ ပြောမပြတတ်အောင်ကိုပါပဲ။

 

အတန်ကြာမှ ကိုထွေးက ကျွန်တော့်ကို “မင်းအပေါ်မှာ သွားနေချည်တော့” လို့ တစ်ခွန်းလှမ်းပြော လိုက်တာကြောင့် အိမ်ရှေ့ ဆင်ဝင်ဘက်ကို ထွက်ပြီး အိမ်ဘေးလှေခါးကနေ အပေါ်ထပ်ကို တက်လာခဲ့ရတော့တယ်။

 

အပေါ်ဘက်ရောက်တော့မှ ကျွန်တော့်အိပ်ယာဘေးမှာ ချထားတဲ့သံသေတ္တာကလေးကို ဖွင့်ပြီး အဖုံးအံကပ်ကလေးထဲက အမေ့ဓာတ်ပုံကိုထုတ်ကြည့်ကာ အသံမထွက်အောင် ကြိတ်ငိုနေမိပါတယ်။

 

“မေမေ… သူများပစ္စည်းကို မောင်မောင်မယူတတ်ဘူးဆိုတာ လာပြောပေးပါဦး” လို့လည်း ပါးစပ်က တိုးတိုး တိုးတိုးနဲ့ တိုင်တည်နေမိသေးတယ်။ ဒီအချိန်မှာ ကျွန်တော့်ခေါင်းကို တစ်စုံတစ်ယောက်က အသာအယာလာကိုင်တာကြောင့် ဆတ်ကနဲလှည့်ကြည့်လိုက်မိတော့ ကိုထွေးဖြစ်နေပါတယ်။ ကိုထွေးက ကျွန်တော့်နောက်ကို ဘယ်အချိန်က ရောက်နေမှန်း သတိမထားလိုက်မိပါဘူး။

 

ကိုထွေးက ကျွန်တော့်ဘေးမှာ မုဆိုးဒူးထောက် ထိုင်ချလိုက်ပြီး ကျွန်တော့်ခေါင်းကိုလည်း အသာအယာပွတ်ရင်း…

 

“ပြီးသွားပါပြီကွာ၊ မင်းမယူမှန်း ကိုထွေးသိပါတယ်၊ ငွေငါးကျပ်ကိုလည်း ကိုထွေးစိုက်ပေးခဲ့တယ်၊ တိတ်တော့” လို့ပြောပါတယ်။ ဒီလိုပြောလိုက်တော့မှ ဝမ်းနည်းစိတ်က ပိုလို့ပြင်းထန်လာပြီး ကိုထွေးဒူးခေါင်းပေါ်မှာ မျက်နှာအပ်ပြီး တအင့်အင့် ငိုချလိုက်မိပါတော့တယ်။

 x x x x x x x x x x x x x x

နောက်တစ်နေ့ မနက်မှာ မေမြို့ကို တက်ဖို့ ဘူတာကို ဆင်းလာကြတယ်။ ရထားထွက်ဖို့ ဥသြဆွဲနေခိုက် တွဲဘေးကို အမောတကောနဲ့ ကိုထွေးပေါက်ချလာတယ်။ သူ့တူလေး တာတူးတူးအတွက် ဘီစကွတ်မုန့် တစ်ထုပ်နဲ့ ကျွန်တော့်အတွက် ဖက်နဲ့ထုပ်ထားတဲ့ ဆီထမင်းတစ်ထုပ် လှမ်းပေးနေတုန်း ရထားကြီးက စထွက်နေပါပြီ။

ကျွန်တော်က ရထားပြတင်းပေါက်ကနေ ခေါင်းပြူပြီး ကိုထွေးကို လက်ပြနှုတ်ဆက်နေဆဲ ယူနီဖောင်းအစိမ်း ကပ်ဦးထုပ်အစိမ်းနဲ့ ပလက်ဖောင်းပေါ်မှာ ရပ်နေတဲ့ ကိုထွေးရဲ့ သဏ္ဍာန်က ဝေးဝေးပြီး ကျန်ခဲ့ပါတော့တယ်။ ကိုထွေးက ဘာကြောင့် ဒီယူနီဖောင်းဝတ်ထားတယ်ဆိုတာ ကျွန်တော်မတွေးတတ်ခဲ့ပါဘူး။ လမ်းတစ်လျှောက်လုံး မမြဝင်းက စကားတစ်လုံးမှ မပြောပါ။ အနီးစခန်းဘူတာရောက်လို့ ရထားအရပ်မှာ ကိုသာချိုက ပလက်ဖောင်းပေါ်ဆင်းသွားတဲ့အခိုက် “အိမ်ရောက်ရင် မနေ့က အကြောင်းတွေ မမကြီးကို ပြန်ပြောမနေနဲ့ဦး” လို့ မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ ကျွန်တော့်ကို လှမ်းပြောပြီး သူ့သားလေးကို နို့လှန်တိုက်နေပါတယ်။

 

မေမြို့ရောက်လို့ ကျောင်းပြန်တက်ရတော့လည်း ကလေးပီပီ အားလုံးကို မေ့လွယ်ပျောက်လွယ် ဖြစ်သွားခဲ့ရတာပါပဲ။ ဒါပေမယ့် သတိရစရာ အကြောင်းတစ်ရပ်က ပေါ်ပေါက်လာပါတော့တယ်။ တစ်ရက်မှာ တပ်ထဲက စစ်ဗိုလ် စစ်သားတွေ ရုတ်ရုတ်သဲသဲ ဟိုပြေးဒီလွှားဖြစ်နေကြသလို သူတို့မယားတွေ (ကျွန်တော့် မမကြီး အပါအဝင်လည်း) မျက်စိမျက်နှာပျက်ပျက်နဲ့ ဟိုနားစုစု၊ သည်နားစုစုဖြစ်နေကြတာကို သတိထားမိတယ်။

 

ညနေစောင်းတော့ ကျွန်တော့်ကစားဖော် ကရင်ဗိုလ်မှူးတစ်ယောက်ရဲ့ သမီး “အားပုံ” ဆိုတာက လာပြောလို့ ရန်ကုန်မှာ အာဇာနည်ခေါင်းဆောင်ကြီးတွေ သေနတ်နဲ့ ပစ်သတ်ခံရတယ်ဆိုတဲ့ အကြောင်း သိရတယ်။ ဒါပေမယ့် ကျွန်တော်က ဒီအာဇာနည်ခေါင်းဆောင်ကြီးတွေဆိုတာကို သိတာမှမဟုတ်တာ။ ဘယ်လိုခံစားချက်မှ မပေါ်ပေါက်ခဲ့ပါဘူး။

 

ညရှစ်နာရီလောက်မှာ ဧည့်ခန်းထဲက မီးလင်းဖိုဘေးမှာ ကျွန်တော်လက်ရေးလှကျင့်နေခိုက်  ဆာဂျင်သာချိုရောက်လာတယ်။ ကျွန်တော်နဲ့ ခပ်လှမ်းလှမ်းစားပွဲတစ်လုံးမှာ အရက်သောက်နေတဲ့ ယောက်ဖကြီးကို အလေးပြုပြီး အနားမှာ ဝင်ထိုင်တာကို တွေ့လိုက်ရတယ်။ သူတို့ပြောနေတဲ့ စကားတွေကိုလည်း အတိုင်းသားကြားနေရတာပေါ့။ အာဇာနည်တွေ ကျဆုံးတဲ့အထဲမှာ ကိုထွေးလည်းပါတယ်ဆိုတဲ့ အကြောင်းကိုကြားလိုက်ရတော့ ကျွန်တော်ဆတ်ခနဲခေါင်းထောင်ပြီး ကြည့်လိုက်မိတယ်။ ကိုထွေးဆိုတာ ကျွန်တော့်ကိုထွေးပဲ ဖြစ်လိမ့်မယ်ထင်မိလို့ပါ။

 

ကိုသာချိုပြန်သွားတော့ ယောက်ဖကြီးနားကို ကျွန်တော်မဝံ့ကပ်သွားပြီး “ကိုကိုကြီး၊ စောစောကပြောတဲ့ ကိုထွေးဆိုတာ ကိုသာချို့ညီ ကိုထွေးလား” လို့ မေးလိုက်မိတယ်။

 

ယောက်ဖကြီးက ရီဝေဝေမျက်လုံးများနဲ့ ကျွန်တော့်ကိုကြည့်ရင်း “အေးပေါ့ကွ၊ သူက ဦးရာဇတ်ရဲ့ သက်တော်စောင့်” လို့ဖြေပါတယ်။

 

“ဒါဖြင့် ကိုထွေးကလည်း အာဇာနည်ပဲပေါ့၊ ဟုတ်လား ကိုကိုကြီး” လို့ ကျွန်တော်က ထပ်ကွန့် မေးခွန်းထုတ်တော့ ကိုကိုကြီးက ခေါင်းငြိမ့်ပြပါတယ်။ ကလေးမို့လို့ ပြီးစလွယ် ခေါင်းငြိမ့်ပြလိုက်တာလည်း ဖြစ်ချင်ဖြစ်မှာပါ။ ဒါပေမယ့် ဗောဓိကုန်းအိမ်မှာ မျက်စိသူငယ်နဲ့ ကျွန်တော်ခံစားနေရတဲ့ ဒုက္ခထဲကနေ ဆွဲထုတ်ရဲခဲ့တဲ့ ကိုထွေးကို အဲဒီကတည်းက လူစွမ်းကောင်း အာဇာနည်လို့ ကျွန်တော်က အထင်ကြီးခဲ့ရတာ မဟုတ်လား။ ခုလည်း ကိုကိုကြီးကပါ ကိုထွေးဟာ အာဇာနည်ပါလို့ ခေါင်းငြိမ့်ပြလိုက်တော့ ကျွန်တော်အရမ်းဝမ်းသာသွားတယ်။ သေနတ်နဲ့ ပစ်သတ်ခံရတယ်ဆိုတာကို သတိရမိတော့ စိတ်မကောင်းဖြစ်ရပြန်ပါတယ်။ ကိုထွေးကို ဘယ်တော့မှ ပြန်တွေ့ရမှာ မဟုတ်တော့ဘူးဆိုတာဟာ ဝမ်းနည်းစရာ ကောင်းလိုက်တာ။

 

အဲဒီညက ကျွန်တော်အစောကြီး အိပ်ယာဝင်လိုက်တယ်။ နေ့လည်က မမကြီးနေပူထုတ်လှမ်းပြီး နေမညှိုးခင် ပြန်ခေါက်ထားတဲ့ ဂွမ်းကပ်ကို ဖြန့်ခြုံပြီး ကိုထွေးအကြောင်း စဉ်းစားရင်း အိပ်ပျော်သွားပါတော့တယ်။

 

အိပ်မက်ထဲမှာ ဗောဓိကုန်းခြံရှေ့က မကျည်းတောထဲမှာ ကျွန်တော်နဲ့ ကိုထွေး တို့နှစ်ယောက်သား လိုက်တမ်းပြေးတမ်း ကစားနေလိုက်ကြတာ ပျော်စရာကြီး၊ ပြီးတော့ မကျည်းပင်ရိပ်က အကြော်တဲမှာ ရေနွေးကြမ်းပူပူနဲ့ အကြော်တွေ စားနေလိုက်ကြသေးတယ်။

 

x x x x x x x x x x x x x x

နောက်များမကြာမီမှာ မေမြို့ကို အမေလိုက်လာတယ်။ “ခေတ်ကြီးက ဘယ်လိုမှန်းမသိဘူးကွယ်၊ ငါ့သားလေး ငါပြန်ခေါ်သွားတော့မယ်” လို့ မမကြီးတို့ကို ပြောပြီး ကျွန်တော့်ကို ရန်ကုန်ပြန်ခေါ်လာခဲ့တော့တယ်။

 

ရန်ကုန်ကိုရောက်တော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ ရုပ်အလောင်းတွေကို မှန်ခေါင်းတွေနဲ့ထည့်ပြီး ဂျူဘလီဟောမှာ ပြထားတယ်လို့ ကြားရတယ်။ အနယ်နယ်အရပ်ရပ်က လူတွေ လာပြီး ဂါရဝပြုကြတာ နေ့စဉ်နဲ့ အမျှ တိုးမပေါက်ဘူးတဲ့။


ကျွန်တော်လည်းသွားချင်လိုက်တာ၊ မှန်ခေါင်းထဲမှာ ကိုထွေးရုပ်အလောင်းလည်း ရှိနေမှာပဲလို့ ကျွန်တော်ထင်တာကိုး။ အမေက လိုက်ပို့ရှာပါတယ်။

 

ဟိုရောက်တော့ ဖွေးဖွေးလှုပ်နေတဲ့ လူလှိုင်းကြီးထဲမှာ သားအမိနှစ်ယောက် တအိအိမျောပါနေတယ်။ လာသမျှလူအားလုံးကလည်း မျက်ရည်လေးတွေ စမ်းစမ်း စမ်းစမ်းနဲ့ ဖြစ်နေကြတာပေါ့။ အသက်ခပ်ကြီးကြီး မိန်းမတွေဆို ပြောပြောငိုငိုဖြစ်ကြတဲ့အထိပါ။ ဘာနဲ့တူသလဲဆိုတော့ အသက်မမီလိုက်တဲ့ မိဘမောင်ဘွားရဲ့ အသုဘကိုနောက်ကျမှရောက်လာတဲ့ လူတွေလိုမျိုးဖြစ်နေပါတယ်။

 

မှန်ခေါင်းဘေးမှာကပ်ထားတဲ့ အမည်တွေကို အော်ဖတ်သံကြားရင်း လူကြားထဲမှာ မြုပ်နေတဲ့ ကျွန်တော်က ခြေဖျားထောက်ပြီး မော့ကြည့်လိုက်ရရင်းနဲ့ပေါ့။ ကျွန်တော်က စာမှ သိပ်မဖတ်တတ်သေးတာကိုး။ စစ်ယူနီဖောင်းအပြည့်အစုံဝတ်ထားပြီး မျက်နှာ၊ နားရွက်နဲ့လက်ခုံမှာ ဂွမ်းစတွေကပ်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်း အလောင်းရယ်၊ ရှမ်းခေါင်းပေါင်းကြီးနဲ့ မိုင်းပွန်စော်ဘွားကြီးရဲ့ ရုပ်အလောင်း၊ ပြီးတော့ ရွှေဝါရောင်ခေါင်းပေါင်းနဲ့ မျက်မှန်တပ်ထားတဲ့ ဒီးဒုတ်ဦးဘချိုတို့ရဲ့ ရုပ်အလောင်းတွေကိုတော့ မှတ်မိနေသေးတယ်။

 

လူတန်းကြီးဆုံးသွားလို့ ဂျူဘလီဟောအပြင်ကိုသာရောက်လာကြတယ်။ ကိုထွေးရဲ့ ရုပ်အလောင်းကိုတော့ ကျွန်တော် မမြင်မတွေ့ခဲ့ရပါဘူး။ အပြင်ကိုရောက်ကြတော့ ကျွန်တော်က “ကိုထွေးအလောင်းကိုလည်း မတွေ့ဘူးနော် မေမေ” လို့ပြောတော့ အမေက ကျွန်တော့်မျက်နှာကို တအံ့တသြကြည့်ပါတယ်။ ပြီးတော့ “ပေါက်ပေါက်ရှာရှာသားရယ်၊ ဗိုလ်ချုပ်တို့ အလောင်းကို တွေ့ခဲ့ပြီးပြီပဲဟာ၊ သက်တော်စောင့် အလောင်းကိုမေးနေရသေးလား” လို့လည်း ပြောပါသေးတယ်။

 

ကျွန်တော်နဲ့ ကိုထွေးတို့ ရင်းနှီးပတ်သတ်မှုကို အမေက သိမှ မသိတာပဲ။ ဒါပေမယ့် ကျွန်တော်ဘာတစ်ခွန်းမှ ပြန်ပြောမနေတော့ပါဘူး။ အတန်ကြာမှ “သြော်… ဦးရာဇတ်နဲ့ သူတို့က မွတ်ဆလင်တွေတဲ့၊ မွတ်ဆလင်ဆိုတော့ အသုဘကို ချက်ချင်းချရလို့ဖြစ်မယ်ထင်တယ်” ဆိုတဲ့ မသေချာ မရေရာတဲ့ အဖြေကို ပေးပါတယ်။

 

အပြန်မှာ အလံပြဘုရားလမ်းအတိုင်းလျှောက်လာကြရင်း ရွှေတိဂုံကုန်းတော် ခြေရင်းရောက်တဲ့အခါ ကျွန်တော်က ကောက်ကာငင်ကာနဲ့ “မေမေ၊ အကြွေစေ့တွေ ငါးကျပ်ဖိုးလောက် ပါရင်ပေးပါ” လို့ပြောလိုက်တော့ ရှောရှောရှူရှူပါပဲ။ ကတ္တီပါရှုံ့အိတ်ထဲက အတောင့်လိုက်ထုပ်ထားတဲ့ မတ်စေ့ထုပ်ကလေးကို ပေးပါတယ်။ ဘာမှတော့ မမေးပါဘူး။ ဒါပေမယ့် ကျွန်တော်ဘာလုပ်မလဲဆိုတာကိုတော့ စူးစမ်းသလိုကြည့်နေပါတယ်။

 

ကျွန်တော့်လက်ထဲရောက်လာတဲ့ အကြွေစေ့ထုပ် စက္ကူပတ်ကို ခွာလိုက်တဲ့အခါ ငွေမတ်စေ့လေးတွေ နှစ်ဆယ် ထွက်လာပါတယ်။ ဘုရားစောင်းတန်းတစ်လျှောက်မှာ အလှူခံနေကြတဲ့ အဖိုးအို၊ အဖွားအိုနဲ့ သီလရှင်အိုတွေရဲ့ ခွက်ထဲကို မတ်စေ့လေးတွေ လောင်းထည့်ရင်း “မောင်မောင့်အတွက် ကိုထွေး ငွေငါးကျပ် စိုက်လျော်ပေးခဲ့သလို ခုလည်း ကိုထွေးအတွက် မောင်မောင်ပြန်ပြီး လှူပါတယ်၊ ကိုထွေးရေ အမျှ… အမျှ…” လို့ တိုးတိုးလေး ဆိုနေမိသေးတယ်။

 

မတ်စေ့တွေကုန်သွားလို့ စောင်းတန်းအုတ်လှေခါးတွေကနေ မြူးတူးခုန်ပေါက်ပြီး ပြေးဆင်းလာတဲ့ ကျွန်တော့်ကို ခြင်္သေ့ကြီးနားမှာ ရပ်စောင့်နေတဲ့ အမေက ပြုံးပြုံးကြီး ကြည့်နေလေရဲ့။

 

“ငါ့သားလေးက ကလေးပေမယ့် လှူရတန်းရမှန်း သိရှာတယ်” ဆိုတဲ့ ပီတိနဲ့ ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။

 

ကျွန်တော်ကတော့လည်း ကျွန်တော့် ပီတိနဲ့ ကျွန်တော်ပဲပေါ့။ ထောင်ပေါင်းများစွာသော လူတွေထဲက မထင်မှတ်တဲ့ ကလေးလေးတစ်ယောက် (သူသံယောဇဉ်တွယ်ငြိဖူးတဲ့ ကောင်လေးဆိုတာလည်း သိချင်သိနေပါလိမ့်မယ်) က  သူ့အတွက် ပြုနေတဲ့ ကောင်းမှုကုသိုလ်ကို တမလွန်ရဲ့ တစ်ထောင်တစ်နေရာကနေ တအံ့တသြ ကြည့်နေရင်း ပီတိတွေဖြစ်နေလိမ့်မယ်ဆိုတဲ့ ယုံကြည့်စိတက အပြည့်ရှိနေတာကိုး။

 

x x x x x x x x x x x x x x

 

ကြာခဲ့ပါပြီ။ နှစ်တွေအများကြီး ကြာခဲ့ပါပြီ။ ကိုထွေးရေ မောင်မောင်လည်း အခုဆိုရင် အဖိုးကြီးအို ပေါက်စလေးဖြစ်နေပြီ ကိုထွေးရဲ့။

 

 

 

မောင်ထွေးဦး

(ရန်ကုန်တက္ကသိုလ်)

Kyaw Moe Aung

http://www.facebook.com/nyeinfamily”>Win Nyein</a> for his kind help, not only permitting <span class=”text_exposed_show”>me to share this article to others, but also sending me that article again. ( I have kept that Shwe Amyutay Magazine, but couldn’t find it in these days.)Thank you very much Sayar, for helping us, even though you must be really busy with your work.</span></span><span>And also thank you my brother <a rel=nofollow href=”http://www.facebook.com/pyiphyoaung.mdy”>Pyi Phyo Aung</a> for typing this in Burmese :D</span>”>This article is from Shwe Amyu Tay Magazine, published in 1998 (Either September, October or November, I am not quite sure). I would like to express my sincere and hearty thank you to Sayar U Win Nyein for his kind help, not only permitting me to share this article to others, but also sending me that article again. ( I have kept that Shwe Amyutay Magazine, but couldn’t find it in these days.)Thank you very much Sayar, for helping us, even though you must be really busy with your work.And also thank you my brother Pyi Phyo Aung for typing this in Burmese😀

Posted By Kyaw Moe Aung

 

လူငယ်လေးနှစ်ဦး အကြောင်း

 

(၁၆)နှစ် (၁၇)နှစ်အရွယ် လူငယ်လေးနှစ်ဦးဖြစ်ပါသည်။ ထိုလူငယ်လေးနှစ်ဦးသည် မိသားစုအတွက်၊ ပတ်ဝန်းကျင်အတွက်၊ တိုင်းပြည်နှင့်လူမျိုးအတွက် အလုပ်လုပ်ရန်အကောင်းဆုံးအရွယ်၊ ရဲရင့်ခြင်း၊ ဖျတ်လပ်ခြင်း၊ တက်ကြွခြင်းတို့ဖြင့် ဝင့်ထည်နေဆဲအရွယ်တွင် ကွယ်လွန်ခဲ့ကြပါသည်။

 

သို့သော် သူတို့ဘဝကူးပုံချင်းတော့မတူညီကြပါလေ၊ တစ်ဦးက တိုင်းပြည်နှင့်လူမျိုးအတွက် အာဇာနည်တို့၏ အသက်စွန့်ပေးဆပ်ခြင်းမျိုးဖြင့် မြန်မာ့သမိုင်းတွင် မွန်မြတ်စွာစာရင်းဝင်ခဲ့သည်။ ကျန်တစ်ဦးမှာ ရက်စက်သော၊ ယုတ်မာသော၊ ပက်စက်သောလုပ်ရပ်ကြောင့် ပြည်သူတို့၏ မုန်းတီးရွံရှာမှု တရားဥပဒေ၏ ပြစ်ဒဏ်စီရင်မှုတို့ကို ခံယူ၍ သေပွဲဝင်ခဲ့ရသည်။

 

၎င်းတို့နှစ်ဦးမှာ ၁၉၄၇-ခုနှစ် ဇူလိုင်လ ၁၉ ရက်တွင် အာဇာနည်ခေါင်းဆောင်ကြီးများနှင့်အတူ လုပ်ကြံခံခဲ့ရရှာသော ရဲဘော်ကိုထွေးနှင့် ၁၉၄၈-ခုနှစ် မေလ ၈ ရက်တွင် ကြိုးပေးစီရင်ခံခဲ့ရသော နိုင်ငံတော်လုပ်ကြံမှုတရားခံ ရန်ကြီးအောင် တို့ပင်ဖြစ်ပါသည်။ သူတို့နှစ်ဦးအကြောင်းကို လူငယ်များသင်ခန်းစာရယူနိုင်ရန် သံဝေဂရနိုင်ရန် နှိုင်းယှဉ်ဖော်ပြချင်ပါသည်။

 

ကိုထွေးလေးသည် အဘ ဦးကိုလေး၊ အမိ ဒေါ်မင်းရီတို့၏ ရင်နှစ်သည်းခြာ သားရတနာလေးတစ်ဦးဖြစ်သည်။ ဦးကိုလေးသည် ဆရာကြီးဦးရာဇတ်နှင့် ငယ်သူငယ်ချင်းလည်း ဖြစ်လေသည်။ ဆရာကြီး ဦးရာဇတ်က ယုံကြည်စိတ်ချ ရသော သက်တော်စောင့်တစ်ဦးလိုသဖြင့် ဦးကိုလေးကိုပြောရာ ဦးကိုလေးက သားဖြစ်သူကိုထွေးကို ဦးရာဇတ်ထံ အပ်နှံလိုက်သည်။ ဦးကိုလေး၏ သားသမီးများထဲတွင် ကိုထွေးတစ်ယောက်သာ လူပျိုလူလွတ်ကျန်ရှိနေ၍ ကိုထွေးကို ထည့်ပေးလိုက်ခြင်းလည်းဖြစ်သည်။

 

ကိုထွေးသည် နေရှင်နယ်ကျောင်းသားတစ်ဦးလည်းဖြစ်၍ ဦးရာဇတ်အား ကြည်ညိုလေးစားသူလည်းဖြစ်ပါသည်။ ဦးရာဇတ်နှင့် လက်ပွန်းတတီးနေထိုင်စဉ် ကာလအတွင်း ကိုထွေးလေးသည် ဦးရာဇတ်ထံမှ နိုင်ငံရေးဗဟုသုတ၊ လူမှုရေးအသိအမြင်၊ ဘာသာရေး အဆုံးအမများကို ရရှိခဲ့မည်မှာ မလွဲပေ။

 

အကယ်၍သာ ဦးရာဇတ်ပြုစုပျိုးထောင်ခဲ့သော ရဲဘော်ကိုထွေးလေး မသေခဲ့လျှင် နိုင်ငံတော်၏ ယုံကြည်စိတ်ချ အားထားရသော သားကောင်းရတနာတစ်ဦး ဖြစ်လာမည်မှာ အမှန်ပင်။

 

အဘဖြစ်သူ ဦးကိုလေးက ကိုထွေးလေးကို ဦးရာဇတ်ထံအပ်နှံရာတွင် ”ဦးရာဇတ်သွားတဲ့နေရာ ခေါ်သွားပါ” ဟု ပြောခဲ့ဖူးသည်။ ထိုစကားကြောင့်များ ဦးရာဇတ်သည် သူယုံကြည်စိတ်ချရသော တပည့်ရင်းကိုထွေေးလးကို တမလွန်ထိ ခေါ်သွားလေရော့သလားဟု ကျန်ရစ်သူမိသားစုက လွမ်းတသသနှင့် ပြောစမှတ်ဖြစ်နေခဲ့ကြပါသည်။

 

ရန်ကြီးအောင်မှာ ဦးစော၏ တူဝမ်းကွဲတော်စပ်သည်။ နိုင်ငံရေးကိစ္စနှင့် အုတ်ဖိုသို့ ဦးစောရောက်လာရာ ရန်ကြီးအောင်သည် အဒေါ်ဖြစ်သူ၏ တိုက်တွန်းမှုကြောင့် သွားရောက်တွေ့ဆုံခဲ့လေသည်။ ထိုအချိန်မှစ၍ အသွားမတော် တစ်လှမ်းဆိုသည့် မြန်မာစကားပုံအတိုင်း ရန်ကြီးအောင်၏ ခြေလှမ်းများသည် ကြိုးစင်သို့ ဦးတည်ခဲ့ရလေတော့သည်။

 

ရန်ကြီးအောင်သည် ဦးစော၏အိမ်နောက်ဘက်၌ တိုးချဲ့ထားသည့်အဆောက်အအုံတွင် ဦးစောတပည့်များနှင့်အတူ နေခဲ့သည်။ ဦးစောအိမ်ဝင်းထဲရှိ တပည့်များထဲတွင် ရန်ကြီးအောင်မှာ အသက်အငယ်ဆုံး၊ ဝါအနုဆုံး လူငယ်လေးတစ်ဦးပင်။

 

ရန်ကြီးအောင်သည် သတ်ရဲ၊ ဖြတ်ရဲ၊ ပစ်ရဲ၊ ခတ်ရဲ၊ မိုက်သွေးရှိသော လူငယ်လေးတစ်ယောက်လည်းဖြစ်သည်။ ဦးစောသည် ရန်ကြီးအောင်၏ သတ္တိနှင့် ကိုယ်ရည်ကိုယ်သွေးကို သူ၏ အာဏာရယူရေးလုပ်ငန်းတွင် အသုံးချနိုင်ခဲ့လေသည်။ ရန်ကြီးအောင်၏ လူငယ်အားမာန်နှင့် ရဲရင့်ခြင်း၊ တက်ကြွခြင်းတို့သည် နေရာလွဲမှားစွာ အသုံးချခံခဲ့ရလေပြီတည်း။

 

ရန်ကြီးအောင်နေထိုင်စဉ်ကာလအတွင်း သေနတ်အမျိုးမျိုးကို မည်ကဲ့သို့ အသုံးပြုပုံကို ဦးစောကိုယ်တိုင် သင်ပေးသည်။ ရန်ကြီးအောင်မှာ ကံမကောင်းအကြောင်းမလှစွာ ဆရာတင်မှားမိသဖြင့် နိုင်ငံတော်လုပ်ကြံမှုကြီးတွင် ပါဝင်ခဲ့ရသော်လည်း ဗိုလ်ချုပ်အောင်ဆန်းကို လူကိုယ်တိုင် တစ်ခါမျှမမြင်ဖူးခဲ့ပါချေ။ အတွင်းဝန်ရုံးကို မည်သို့ဝင်မည်၊ မည်သို့ထွက်ရန်ဝေးစွ အတွင်းဝန်ရုံးဆိုတာ ဘာဆိုသည်ကိုပင်မသိရှာပါ။ နိုင်ငံရေးလည်းဘာမျှနားမလည်။

 

အခြားသူများနှင့် လိုက်သွားပြီး အခြားသူများပစ်ခတ်သော လူစုထဲသို့ ခိုင်းစေညွှန်ကြားထားသည့်အတိုင်း ဝင်ရောက်ပစ်ခတ်လိုက်မိခြင်းသာဖြစ်သည်။ သို့သော် သူပစ်လိုက်သောသူများမှာ နိုင်ငံတော်၏ ဦးသျှောင်၊ နိုင်ငံတော်၏ အသည်းနှလုံးများဖြစ်ကြောင်း နောက်ကျမှ သိခဲ့ရပေသည်။

 

 

တိုက်ဆိုင်မှုဟုဆိုရမည်လား ပို၍ရင်နင့်စရာကောင်းသောအချက်မှာ ခေါင်းဆောင်ကြီးများကို လုပ်ကြံပစ်ခတ်ပြီး ပြေးထွက်အလာ ရဲဘော်ကိုထွေးလေးကို ထပ်မံပစ်ခတ်သတ်ဖြတ်လိုက်သူမှာ ရန်ကြီးအောင် ဖြစ်နေခြင်းပင်။

 

ရဲဘော်ကိုထွေေးလးသည် မည်သည့်ရန်ငြိုးရန်စမျှ မရှိသော၊ သက်တူရွယ်တူ ညီအစ်ကိုအရွယ်၊ သူငယ်ချင်းအရွယ်၊ သူလိုလူငယ်လေးတစ်ဦး၏ လက်ချက်ဖြင့် အသက်စွန့်ခဲ့ရရှာသည်။ အစားထိုးမရသော နိုင်ငံတော်၏ ဆုံးရှုံးမှုဖြစ်ရပ်ကြီးထဲမှ လူငယ်များအတွက် လွမ်းဆွတ်ကြေကွဲဖွယ် ဖြစ်ရန်မှန်လေးတစ်ပုဒ်ပင်။

 

 

ရဲဘော်ကိုထွေး၊ ရန်ကြီးအောင်နှင့် တစ်ဆက်တည်းကြုံကြိုက်၍ ထပ်မံဖော်ပြချင်သော လူငယ်တစ်ဦးမှာ နိုင်ငံတော် လုပ်ကြံမှုတရားခံ စိန်ကြီးဖြစ်ပါသည်။ စိန်ကြီးမှာ ကြို့ပင်ကောက်ဇာတိဖြစ်သည်။ စိန်ကြီး၏ကွယ်လွန်သူအဘမှာ ဦးစော၏ မိတ်ဆွေဖြစ်သည်။ စိန်ကြီး၏မိခင်က ဦးစောသည် မိမိတို့၏ကျေးဇူးရှင်ဖြစ်ကြောင်း ပြောပြခဲ့သည်။

 

စိန်ကြီး၏မိဘများက ဦးစောကိုကြည်ညိုကြသည်။ ဦးစောနယ်ထွက်တရားဟောလူစုသောအခါ စိန်ကြီးကိုတွေ့ရ၍ မျက်စိကျခဲ့သည်။ ဦးစောကလည်း ဆွဲဆောင်၊ မိဘများကလည်း တိုက်တွန်းသဖြင့် စိန်ကြီးသည် ရန်ကုန်သို့လိုက်ပါလာ ခဲ့ရသည်။ စိန်ကြီး၏ ရည်းစားက ရန်ကုန်တွင် ကျောင်းနေသည်။ ထို့ကြောင့် နိုင်ငံရေးအရ ဦးစောကိုမနှစ်မြို့သော်လည်း ရန်ကုန်တွင်နေရတာကိုတော့ စိန်ကြီးသာယာလာခဲ့သည်။ ဤသာယာမှုတွင် နစ်မွန်းနေခိုက် ဦးစော၏ ပိုက်ကွန်တွင် စိန်ကြီးမိမှန်းမသိ အမိခံလိုက်ရသည်။

 

ဦးစောသည် ၎င်းရာထူးအာဏာရရှိရေးအတွက် လူငယ်များကို အသုံးချခဲ့သော်လည်း တကယ်တန်းအမှုကြီးနှင့် ရင်ဆိုင်ရသောအခါ တပည့်များအတွက် တုံ့ပြန်စေတနာမထားခဲ့ချေ။ ဦးစောသည် သူ့အတွက့် နာမည်ကျော်ရှေ့နေကြီးများ ဖြစ်သော မစ္စတာဗာတားနစ်နှင့် အင်္ဂလန်ပြည်မှ နံမည်ကြီးဝတ်လုံ ကားလ်တစ်ဘက်နက်တို့ကို ငှားရမ်းခဲ့သည်။ တပည့်များအတွက်မူ အုတ်ဖိုနှင့် သာယာဝတီမှ ဒုတိယတန်းရှေ့နေများကိုသာ ငှားရမ်းပေးခဲ့သည်။ ထိုသို့ခွဲခြားငှားရမ်းမှုကို တပည့်များက စိတ်နာကြလေသည်။

 

တရားရေးဝန်ကြီး ဦးကျော်မြင့်က တရားခံများအား မိမိတို့အတွက် ရှေ့နေမည်သူလိုက်မည်နည်းဟု မေးသောအခါ စိန်ကြီးက ”ကျွန်တော် ရှေ့နေမငှားပါ” ဟု ထဖြေလိုက်သည်။ ဦးစောက စိန်ကြီးကိုကြည့်ကာ မတ်တပ်ရပ်ပြီး မောင်စိန်၊ မောင်စိန်၊ မောင်စိန် နှင့် လှမ်းခေါ်သော်လည်း စိန်ကြီးကလှည့်မကြည့်တော့ပါချေ။ စိန်ကြီးသည် လူငယ်စိတ်၊ လူငယ်သွေးဖြင့် လုပ်ရဲလျှင် ခံရဲရမည်ဟူသောစိတ်ရှိပုံရသည်။ အထူးသဖြင့် ဦးစောကိုလည်း စိတ်နာနေလေပြီ။

 

အမှုစစ်ဆေးပြီးသောအခါ မေလ ၈ ရက် နံနက်အရုဏ်တက်တွင် ဦးစော၊ မောင်စိုး၊ သက်နှင်း၊ မှုံကြီးတို့ကို အင်းစိန်အကျဉ်းထောင်တွင် ကြိုးပေး၍ စိန်ကြီးနှင့် ရန်ကြီးအောင်တို့ကို ရန်ကုန်ဗဟိုအကျဉ်းထောင်တွင် တစ်ချိန်တည်းလိုပင် ကြိုးပေးခဲ့သည်။

စိန်ကြီးသည် ကြိုးပေးခံရမည့်ညကတည်းက ”နောက်နေ့ကျရင် တို့ခရီးရှည်ကြီးသွားကြရတော့မယ်” ဟု နောက်ပြောင်နေသည်။ သူ၏ ရှိသမျှ ငွေ၊ ပစ္စည်းလေးများကိုထုတ်၍ သူ့ရည်းစားထံပို့ပေးပါဟု မှာကြားခဲ့သည်။ အချစ်သစ် ဖန်တီး၍ ဘဝသစ်ထူရစ်တော့ဟုလည်း အမှာစကားထားခဲ့သည်။

 

ဤသို့ဖြင့် ဆရာတင်မှားမိသော လူငယ်လေးနှစ်ဦး၏ဘဝသည် အကျည်းတန်စွာနိဂုံးချုပ်ခဲ့ရလေပြီတည်း—-

 

ဤလူငယ်လေးများ၏ အဖြစ်အပျက်ကို သင်ခန်းစာယူ၍ လူငယ်တိုင်းဘ၏တွင် ပတ်ဝတ်းကျင်ကောင်း၊ ဆွေမျိုးကောင်း၊ ဆရာကောင်းတို့၏ အခန်းကဏ္ဍမည်မျှအရေးပါသည်ကို သိသာနိုင်ပါသည်။ လူငယ်များ၏ ရဲစွမ်းသတ္တိနှင့် အားမာန်ကို မိမိကိုယ်ကျိုးအတွက် လွဲမှားစွာအသုံးချမည့်ဆရာမိုက်နှင့်တွေ့ခဲ့ပါက ဘဝတစ်လျှောက် မှောက်မှား ရပေလိမ့်မည်။

 

ဆရာတင်မှားမိသဖြင့် ဖခင်ရင်းကို နန်းချနှိပ်စက်ခဲ့သော အဇာတသတ်မင်းသား၊ မိခင်ကို ဓားနှင့်လိုက်ခဲ့သော အင်္ဂုလိမာလတို့သည် ဗုဒ္ဓဘာသာသမိုင်းတစ်လျှောက်တွင် သင်ခန်းစာယူကြရမည့် လူငယ်ဇာတ်လိုက်လေးများပင်။

 

မြန်မာ့နိုင်ငံရေးသမိုင်းတွင်လည်း ရဲဘော်ကိုထွေးနှင့် ရန်ကြီးအောင်တို့ကဲ့သို့ နှိုင်းယှဉ်သင်ခန်းစာယူရမည့် လူငယ်လေးတွေ များစွာရှိခဲ့ပါသည်။ တစ်ချိန်က ဗမာပြည်ကွန်မြုနစ်ပါတီတောတွင်းလက်နက်ကိုင်အဖွဲ့အစည်းများ၏ ဝါဒမှိုင်းမိသွားရသော လူငယ်များကို သတိရကြစေချင်ပါသည်။ မိကောင်းဖခင်သားသမီး၊ မျိုးကောင်းရိုးကောင်း ပညာတတ်လူငယ်လေးများ တောတွင်းမှာ ရင်နင့်စဖွယ် ဘဝဆုံးခဲ့ကြရသည်။ ရက်ရက်စက်စက် အသတ်ခံခဲ့ကြရသည်။

 

သာဓကများသည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် ဘယ်သောအခါမျှ ဖျောက်ဖျက်၍ရတော့မည်မဟုတ်သော လူငယ်တို့အတွက် ဖြစ်ရပ်မှန်သင်ခန်းစာများပင်၊ လူငယ်တို့သည် ဤအဖြစ်အပျက်များကို လေ့လာဆင်ခြင်ပြီး မိမိတို့၏ စွမ်းရည်နှင့် သတ္တိဗျတ္တိကို မှန်မှန်ကန်ကန် ပြုစုပျိုးထောင်နိုင်မည့် ဆရာကောင်းကို ရွေးချယ်တတ်ဖို့လိုပါလိမ့်မည်။

 

မိမိပိုင်ဆိုင်သည့် ပညာရည်နှင့်ပင်ကိုယ်ရည်၊ လက်ရုံးရည်နှင့် နှလုံးရည်တို့ကို မိမိပတ်ဝန်းကျင်အတွက်၊ နိုင်ငံအတွက်၊ လူမျိုးအတွက် အသုံးတည့်နိုင်ဖို့ ကြိုးစားကြရပါမည်။

 

ရဲရင့်ပြောင်မြောက်ခြင်း၊ ဥာဏ်ပညာကြီးခြင်း၊ သစ္စာရှိခြင်းတို့နှင့် ပြည့်စုံသော သူရဲကောင်းလေးများဖြစ်ရန် မှန်ကန်သောပျိုးထောင်မှု လိုအပ်လှသည်။ မိမိအရည်အချင်းကို တောက်ပြောင်အောင်သွေးပေးမည့် ဆရာကောင်းနှင့်လည်း ကြုံရမည်။ မိမိကိုယ်မိမိလည်း အစဉ်အမြဲလေ့ကျင့်ပျိုးထောင်နေရပါမည်။

 

ယနေ့လူငယ်တိုင်းသည် ဘာသာရေးသမိုင်း၊ နိုင်ငံရေးသမိုင်းများမှ လူငယ်တို့အကြောင်းကို ရှာဖွေဖတ်ရှုလေ့လာ၍ ဆရာကောင်းထံနည်းခံ၊ လမ်းမှန်ကိုလျှောက်၊ လူငယ်တစ်ယောက်၏ဘဝကို လှပစွာ ဖန်တီးနိုင်ကြစေရန် ရည်သန်ပြဌာန်း ကြိုးပမ်းကြဖို့ အရေးကြီးသော အချိန်ရောက်နေပါပြီဟူ၍သာ …..။

 

မာမာ

(ရှေးဟောင်းသုတေသန)

 

 

ရတနာပုံသတင်းစာ – အတွဲ (၆) အမှတ် (ဝ၇၆) ၁၃၅၉ ခုနှစ် ဝါဆိုလဆန်း (၁၁)ရက် (၁၅.၇.၁၉၉၈) အင်္ဂါနေ့၊ စာမျက်နှာ ၈

မန္တလေးမြို့ ဗေါဓိကုန်းရပ် ၊ တောင်ပြင် သိပ္ပံရပ် ပင်စင်စား လယ်ယာစိုက်ပျိုးရေး ၀န်ထောက် အင်ဂျီနီယာ  ဦးကိုကိုလေး၊ ဒေါ်မင်းရီတို့၏ ဆဋ္ဌမမြောက် သားဖြစ်သည်။ န၀မတန်းအထိ ပညာသင်ကြားခဲ့သည်။ အသက် ၁၈ နှစ် အရွယ်တွင် ပညာရေးဝန်ကြီး ဦးရာဇတ်၏ သက်တော်စောင့်အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် အာဇာနည် ခေါင်းဆောင်ကြီးများကို လုပ်ကြံသော မသမာသူတို့၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရသည်။

MMSY Post
Credit :   http://www.mmsy.org/group/memorial/forum/topics/yebawkohtwe

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s