မောင်းသန်းဝင်းမြန်မာမှုဆောင်းပါးမှ ပသီအကြောင်းအရာများ

မြန်မာမှုစာပေ မှ ပသီအကြောင်းအရာများ

 

မြန်မာမှုပြု အစ္စလာမ်စာပေ (မောင်သန်းဝင်း-ရန်ကုန်တက္ကသိုလ်)
မြန်မာဟူသည် မြန်မာနိုင်ငံတွင် နှစ်ကာလရှည်ကြာစွာ အစဉ်အဆက် အခြေစိုက်နေထိုင်ခဲ့သော တိုင်းရင်း သားလူမျိုးကို ဆိုလိုသည်။ အစ္စလာမ်ဟူသည် ‘ငြိမ်းချမ်းခြင်း’၊ ‘အမိန့်နာခံခြင်း’ ဟု အဓိပ္ပာယ် ရ သည်။ အလ္လာဟ်နှင့် အလ္လာဟ့်တမန်တော် မုဟမ္မဒ်သခင်(ဆွ)၏ အဆုံးအမများကို နာခံခြင်း ဖြစ် သည်။ ဤသို့နာခံ ခြင်းဖြင့် ငြိမ်းချမ်းသောဘ၀ကို တည်ဆောက်နိုင်သည်။ အစ္စလာမ် သည်ပြီး ပြည့်စုံသော ဘာသာသာသနာ အယူဝါဒလမ်းစဉ်ဖြစ်သည်။ စာပေဟူသည် ‘အကြောင်းအရာ၊ အတွေ့ အကြုံ၊ အတွေးအခေါ်၊ အဖြစ်အပျက် တို့ကို ရေးသားပုံနှိပ်ထားချက်’ ဖြစ်သည်။ မြန်မာမှုပြု အစ္စလာမ် စာပေ ဆိုသည်မှာ မြန်မာစာပေဖြင့်ရေးသားထားသော ဘာသာရေးဆိုင်ရာ အကြောင်းအရာ၊ အတွေးအခေါ်တို့ကို ဆိုလိုပါသည်။

အစ္စလာမ်ဘာသာသည် မြန်မာနိုင်ငံသို့ ပုဂံခေတ်အစောပိုင်း ကာလကပင်ရောက်ရှိခဲ့သည်။ ‘အစ္စလာမ် ဘာသာသည် ခရစ်ယာန်ထက်စောပြီး မြန်မာပြည်သို့ ရောက်ရှိခဲ့သည်ဟု ယူဆနိုင် သည်။ ပုဂံ ကျောက် စာ အချို့တွင် ”ပန်သိယ်”” ပ သည်” ဟုရေးသားထား သဖြင့် ပုဂံခေတ်ကပင် အစ္စလာမ် ဘာသာဝင် များရှိလိမ့်မည်ဟု ဆိုနိုင်ပေသည်။

[ဒေါ်တင့်စိန်၊ကုန်းဘောင်ခေတ်ယဉ်ကျေးမှုနိဒါန်း၊ တက္ကသိုလ်ပညာ ပဒေသာ စာစောင်၊ ရန်ကုန်၊ တက္ကသိုလ်များပုံနှိပ်တိုက်၊အတွဲ၃၊အပိုင်း၎၊စာ-၇၅၊၁၉၇၃၊ဇူလိုင်။]

ထိုအဆိုကို ခိုင်မာစေသည့် အထောက်အထားတစ်ရပ်ကိုလည်း ဤသို့တွေ့ရှိရပါ သည်။ ‘ပုဂံခေတ်၏ အစောပိုင်းကာလ ပိတ်သုံမင်း(အေဒီ ၆၅၂-၆၆၀)လက်ထက်တွင် အာရပ်လူမျိုး ကုန်သည် တို့သည် သထုံ၊ မုတ္တမအစရှိသော ဆိပ်ကမ်းမြို့များသို့ရောက်ရှိလာခဲ့ကြသည်။ အာရပ်သင်္ဘော များ သည် အနောက်ဘက် မဒဂတ်စကားကျွန်းမှ အရှေ့အိန္ဒိယကျွန်းစုများနှင့် တရုတ်ပြည်အထိ သွားလာ လျက် မြန်မာ ပြည်သို့လည်း ၀င်ထွက်ခြင်းပြုခဲ့ကြသည်။

[ဦးကြည် (ဘီအေ) ရာဇ၀င်ဂုဏ်ထူး၊ မြန်မာရာဇ၀င်သိအပ်ဖွယ်ရာအဖြာဖြာ၊ စာ-၈၁-၈၃၊ မန္တလေး၊ ပိဋကတ်တော်ပြန့်ပွားရေး၊၁၉၅၀။]

ဤသို့ဖြင့် သမိုင်းသုတေသီ ပညာရှိများရေးသားပြုစုထားသည့် ခိုင်မာသော အထောက်အထား မှတ်တမ်း များအရ အစ္စလာမ် ဘာသာသည် မြန်မာနိုင်ငံသို့ လွန်ခဲ့သော နှစ်ပေါင်း (၁၃၀၀)ကျော်မှ စတင်ရောက် ရှိခဲ့ကြောင်း သိရပါသည်။မြန်မာပြည်ဖွား အစ္စလာမ်ဘာသာဝင်များသည် ဘာသာရေး သွန်သင်ချက်များကို မြန်မာစာပေဖြင့် ဖြန့်ချိတင်ပြခဲ့ပါသည်။ ထို့ကြောင့် မြန်မာစာပေဖြင့် ရေးထား သော အစ္စလာမ်ဘာသာရေးဆိုင်ရာ စာပေ ကျမ်းဂန်များ၊ စာအုပ်စာတမ်းများ ပေါ်ထွက်လာခဲ့ရသည်။ ဤတွင် ဘာသာရေး သက်သက် စာပေနှင့်ဘာသာရေးကို အခြေခံထားသောစာပေများ ပါဝင်ပါသည်။ ဘာသာရေးသက်သက်စာပေတွင် ကျမ်းတော်မြတ်ကုရ်အာန်၊ ဟဒီးစ်(တမန်တော်မြတ်၏ အဆုံးအမ သြ၀ါဒ တော်များ)၊ စီရာသ်(တမန်တော်မြတ်၏ ဘ၀ဖြစ်တော်စဉ်) စသည့်ကျမ်းများပါဝင်သည်။ ဘာ သာ ရေးအခြေခံစာပေတွင် ဘာသာရေးဆိုင်ရာ အဆုံးအမကိုအခြေခံ၍ ရေးသားထားသော ၀တ္ထု၊ ကဗျာများ ပါဝင်သည်။ ဤသင်ခန်းစာတွင် မြန်မာစာပေသမိုင်းတစ်လျှောက် ပေါ်ထွက်ခဲ့သော ကျမ်းဂန် စာပေများ၊ စာစောင်မဂ္ဂဇင်းများကို လက်လှမ်းမီသမျှလေ့လာတင်ပြပါမည်။မြန်မာစာပေနယ်ပယ် ကျယ်ပြန့် ရေး၊ မွတ်စလင်လူငယ်များ စာပေ လေ့လာဖတ်ရှုလိုစိတ် ထက်သန်လာရေး၊ အစ္စလာမ် စာပေ အမွေအနှစ်များ ထိန်းသိမ်းရေးတို့အတွက် ရည်သန်ရှေးရှု၍ ပြုစုရခြင်းဖြစ်ပါသည်။

ကျမ်းတော်မြတ်ကုရ်အာန်၏ စာပေဆိုင်ရာလမ်းညွှန်ကုရ်အာန် ကျမ်းလာ အာယတ်တော်များတွင် အဦးအစ ပထမကျရောက်ခဲ့သော အာယတ်တော်မှာ’အစ်က်ရာအ်’ ‘ဖတ်’ဟူ၍ ဖြစ်သည်။ စူရဟ်(အလတ်က်)၉၆း အာယတ် ၁ တွင် -”အသင်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ နာမတော်ဖြင့် ဖတ်လော့” ဟု ဖော်ပြထား၏။ ထို့အပြင်ဖတ်၊ သင်၏အရှင်သည် အလွန်ရက်ရောသော အရှင်ဖြစ်သည်။ (ကုရ်အာန် ၉၆း၃)ထိုအရှင်သည် ကလောင်ဖြင့် သင်ကြား ပေး၏။(ကုရ်အာန်၉၆း၎)

ထိုအရှင်သည် လူသားအား ထိုသူမသိသော အရာမှန်သမျှကို သင်ကြားပေး၏။ (ကုရ်အာန် ၉၆း၅) ဟူ၍လည်း ဆိုထားပါသည်။စူရဟ်(ရဟ်မာန်) ၅၅ အာယတ်တော် ၃ နှင့် ၄ တွင်လည်း-‘ထိုအရှင်မြတ် သည်ပင် လူသားအား ထင်ရှားဖြစ်ပေါ်စေတော်မူခဲ့၏။ထိုအရှင်မြတ်သည်ပင် လူသားအား စကားပြော ဆိုမှုကို သင်ပေးတော်မူခဲ့၏’ဟူ၍ မိန့်ချွေ ထားပါသည်။တစ်ဖန်ကျမ်းမြတ်ကုရ်အာန်တွင် စူရတွလ် ကလာမ်(စူရဟ် ၆၈)ကလောင်တံကဏ္ဍဟူ၍ သီးခြားကဏ္ဍတစ်ရပ်ပါဝင်ပါသည်။’နူးန်၊ (ငါအရှင်မြတ် သည်) ကလောင်ကိုလည်းကောင်း၊ ရေးမှတ်ကြသည်တို့ကိုလည်းကောင်း သက်သေ ထူတော်မူ၏။ (ကုရ်အာန် ၆၈း၁)ဟူ၍ ပါရှိပြန်ရာ ကုရ်အာန်က စာပေ အရေးအသားနှင့် ဖတ်ရှုခြင်းကို အားပေး ထားကြောင်းသိရသည်။

စာပေသည် ဘာသာစကားကို မြင်သာအောင် အက္ခရာဖြင့် မှတ်တမ်းတင်ရာမှ ဖြစ်ပေါ်လာ သည်။ ဘာသာစကား၊ ရေးသားခြင်း၊ ဖတ်ရှုခြင်းတို့သည် ဆက်စပ်လျက်ရှိသည်။ အလ္လာဟ်အရှင်မြတ်သည် လူသားအား စာပေအက္ခရာအရေးအသားများနှင့် အတတ်ပညာမှန်သမျှကို တီထွင်ဖန်တီးမှု၊ လေ့လာ သင်ယူတတ်မြောက်နိုင်မှုဟူသည့် ဗီဇစွမ်းရည်ထူးများ ထည့်ပေးထားသည်။

ကျမ်းမြတ်ကုရ်အာန်က ခေတ်တိုင်း၌ လူသားတိုင်းအတွက် စာဖတ်ရန် ပထမဆုံး၊ အရေးအကြီးဆုံး တာဝန်ကြီးတစ်ရပ်အဖြစ် မလုပ်မနေရ ပြဋ္ဌာန်းသတ်မှတ်ထား၏။ မည်သည့် ဘာသာ ရေးဆိုင်ရာ စာပေ ကျမ်း ဂန်တွင်မှ ဤသို့သီးသန့်ညွှန်ကြားချက်မရှိပါ။ ဤသည်ပင် အစ္စလာမ်တရား၏ ထူးခြားပြည့်စုံမှု ဖြစ်သည်။ စာမဖတ်သူသည် မတတ်၊ မတတ်သူသည် မတိုးတက်နိုင်။ ထို့ကြောင့် လူသားတိုင်း သိအောင်၊ တတ်အောင် တိုးတက်အောင် စာများများဖတ်ရန်၊ အလ္လာဟ်အရှင်မြတ်က အမိန့်ပေး ထားသည်။ အမြဲဖတ်မှတ် လေ့လာနေသူအား အလ္လာဟ် အရှင်မြတ်က အသိဥာဏ်ပညာ ဗဟုသုတ များကို ရက်ရောစွာ ဖွင့်ပေးပါလိမ့်မည်။ သို့မှသာ လူတို့၏ အသိဥာဏ်ပညာနှင့် နာမ်ပိုင်းဆိုင်ရာ ကိုယ်ရည်ကိုယ် သွေးများမြင့်မားလာပါမည်။

တမန်တော်မြတ်၏ စာပေဆောင်ရွက်ချက်အစ္စလာမ်သာသနာ မထွန်းကားမီ အမိုက်ခေတ်တွင် အာရေဗျ ၌ စာရေးစာဖတ်အစဉ်အလာ လုံးဝမရှိပါ။ အစ္စလာမ်က အရေးအဖတ်ကို အထူးဦးစား ပေးသည်။ တမန်တော်မြတ်လက်ထက်တော်၌ အလ္လာဟ် အရှင်မြတ်ထံမှ ကျရောက်လာသောဝဟီများ ရေးမှတ်ရန်၊ စာပေးစာယူ ပြုလုပ်ရန်၊ စာချုပ်ချုပ်ဆိုရန်၊ အမိန့် ညွှန်ကြားလွှာများ ထုတ်ရန် စာရေးစာဖတ် အရေးကြီးကြောင်း သိခဲ့ရသည်။ တမန်တော်မြတ်၏ဗလီအနီး အဆွဟာဗိဆုဖ်ဖဟ်တွင် အစ္စလာမ့်ဗဟုသုတရှာမှီးသော တပည့်သာဝက များအား အရေးအဖတ် သင်ကြားစေ ခဲ့သည်။ အရေးအဖတ်တတ်သော သာဝကကြီးများအား စာရေးစာချီ ခန့်သည်။

ဟစ်ဂျရီ၂-ခုနှစ်တွင်ဖြစ်ပွားသော ဗဒရ်စစ်ပွဲ၌ ရန်သူသုံ့ပန်း (၇၀)ဖမ်းဆီးရမိသည်။ သုံ့ပန်းများအနက် တစ်ဦးလျှင်လျော်ကြေးငွေလေးထောင် ပေးနိုင်သော သူများအား လွှတ်ပေးသည်။ ၎င်းတို့ အနက် အချို့က ဆင်းရဲနွမ်းပါး၍ လျော်ကြေးမပေးနိုင်ကြ။ သို့ရာတွင် အရေးအဖတ်တတ်ပါက အစ္စလာမ့် ရင်သွေးကလေး (၁၀)ယောက်အား အရေးအဖတ် သင်ကြားပေး လျှင်လည်း သုံ့ပန်းအဖြစ်မှ လွတ်လပ် ခွင့် ပေးခဲ့သည်။ ဤသို့ဖြင့် စာမတတ်သူ ပပျောက်အောင် ဆောင်ရွက်ခဲ့သည်။ ကမ္ဘာပေါ်တွင် စာ မတတ်သူပပျောက်ရေးလှုပ်ရှားမှုကို အစ္စလာမ်က ပထမဦးဆုံးစတင်ခဲ့သည်။

တမန်တော်မြတ်သည် မဒီနာမြို့တွင် ယဟူဒီများနှင့် ဆက်ဆံတော်မူခဲ့သည်။ ၎င်းတို့၏ ဘာသာစကား မှာသွိဗ်ရာနီ (HEBREW)ဖြစ်သည်။ ထို့ကြောင့် တမန်တော်မြတ်က သာဝကကြီး ဣဗ်နု ဆာဗိတ် အား(HEBREW) ဘာသာစကားကိုသင်ယူစေသည်။ ထို့ပြင် ထိုစဉ်ကရေပန်းစားခဲ့သောေ ခတ်မီ ဘာသာ စကားဖြစ်သည့် ရောမ ဘာသာစကားနှင့် ဆီးရီးအက် ဘာသာစကားတို့ကိုလည်း သင်ကြား စေသည်။

‘ပညာကို ပုခက်တွင်းမှ သင်္ချီုင်းထိရှာဖွေကြ’ ‘ပညာသင်ကြားခြင်းသည် မွတ်စလင်အမျိုးသား၊ အမျိုး သမီး တိုင်းအပေါ်တွင် တာဝန်တစ်ရပ်ဖြစ်သည်။’ဟူသော သြ၀ါဒတော်များအရ ဘာသာစကားနှင့် စာပေ ပညာကို တမန်တော်မြတ်က အလေးထားကြောင်း ထင်ရှားလှပါသည်။မြန်မာ အက္ခရာနှင့် စာပေအရေးအသားပညာမြန်မာစာပေနှင့် ယဉ်ကျေးမှုအစုစုမှာ အများအားဖြင့်မြန်မာတို့က စတင်ခြင်းမျိုးမဟုတ်ဘဲ တိုင်းတစ်ပါး မှယူ၍ မြန်မာမှုပြုထားခြင်းဖြစ်သည်။မြန်မာ အက္ခရာ သည် အိန္ဒိယနိုင်ငံသုံးဗြဟ္မီအက္ခရာမှ ဆင်းသက်လာ သည်။ဗြဟ္မီအက္ခရာမှပွားလာသော အိန္ဒိယတောင်ပိုင်း သုံး အက္ခရာများအနက် မြန်မာပြည်တွင့်တွေ့ရသော အက္ခရာမှာ တေလုဂူကနဍီ အက္ခရာဖြစ် သည်။ ထိုတေလုဂူကနဍီ အက္ခရာမှ ပျူ၊ မွန်၊ မြန်မာအက္ခရာတို့ဆင်းသက်လာသည်။ကျောက်စာ၊ မင်စာ၊ အုတ်ခွက်စာအထောက်အထား၊ ရှေးဟောင်းသုတေသနအထောက် အထားများအရ မြန်မာတို့သည် ကရင်၊ ကမ်းယံ၊ ချင်း၊ ပျူ၊ မွန်၊ တောင်သူ၊ လ၀၊ ရှမ်း၊ သက်လူမျိုးများနှင့် ရောထွေး နေထိုင်ခဲ့ ကြောင်း သိရသည်။ မြန်မာတို့ ရောနှောဆက်ဆံနေသော အခြားလူတို့တွင် စာပေအရေးအသားရှိနေပြီ ဖြစ် သော လူမျိုးတို့ပါဝင်နေသည်။ ထိုသူတို့မှာ တိုင်းရင်းသားတို့တွင် ပျူနှင့်မွန်ဖြစ်သည်။ နိုင်ငံခြားသား တို့တွင် ကုလားအမျိုးမျိုးတို့ဖြစ်ကြ၏။ အမှန်မှာ စာပေအရေးအသားပညာကို ထိုကုလားများထံမှပင် တိုင်းရင်းသားများက သင်ယူခဲ့ကြသည်။

[ ဦးဝန်(မင်းသုဝဏ်) မြန်မာနိုင်ငံရှေးခေတ် ဘာသာပြန် သမိုင်းချုပ်၊ ဘာသာပြန်စာပေစာတမ်း၊ စာ-၂၊ စာပေဗိမာန်၊ ရန်ကုန်၊ ၁၉၇၀]

ပုဂံခေတ်တွင် မြန်မာမှုပြု အစ္စလာမ်စာပေဟူ၍ သီးခြားမတွေ့ရပါ။ မြန်မာနိုင်ငံသို့ အစ္စလာမ် သာသနာသည် ပုဂံခေတ်ကပင် စတင်ရောက်ရှိနေပြီ ဖြစ်သောကြောင့် အစ္စလာမ်စာပေများလည်း ရောက်ရှိလာနိုင်သည်။ ပုဂံခေတ် မြန်မာစာပေတွင်’ကျောက်စာ’များကိုသာ အများဆုံးတွေ့ရသည်။ ကမ္ဘာပေါ်တွင် ကျောက်စာရေး ထိုးသည့်အလေ့အထကို အီဂျစ်လူမျိုးများက စတင်သည်။ အီဂျစ်နှင့်အခြားမြေထဲပင်လယ်ဒေသများတွင် တွေ့ရသည့် ကျောက်စာများမှာ ရှေးအကျဆုံးဖြစ်သည်။ ပုဂံခေတ်၌ပင် အရဗီဘာသာနှင့် ရေးထိုးထား သော ကျောက်စာ များရှိသည်ဟု သိရှိသည်။ ၁၉၆၉ ခုနှစ်ကစစ်တွေခရိုင် မြို့ဟောင်းမြို့(မြောက်ဦးမြို့)နန်းရာကုန်း အရှေ့ဘက် သရက်အုပ်ရွာမှရသော အလျား ၃ပေခွဲ၊အနံ ၂ပေ၊ စာကြောင်းရေ၈ကြောင်းပါသည့်ရှးဟောင်းပါရှားနှင့်အူရ်ဒူဘာသာစာ ရောပြွန်းရေးထိုးထားသော ကျောက်စာတစ်ချပ်ကို တွေ့ရသည်။ ရှေးရခိုင်မင်း လက်ထက်က ရွှေချိန် ၂၃တန် ပိဿာ၁၄၂၉၁ ကို မြှုပ်နှံသည့်အခါ ရေးထိုးခဲ့သည့် ကျောက်စာဟု သိရသည်။ (၂၉-၁၁-၆၉ နေ့ထုတ် ဗိုလ်တထောင်သတင်းစာ စာ-၅)ထိုအချက်ကို အထောက်အထားပြု၍ မြန်မာနိုင်ငံ၌ ရှေးခေတ်ဘုရင်မင်းများ အုပ်စိုးစဉ်က အရဗီ၊ ပါရှား၊ အူရဒူကျောက်စာများ ရှိလိမ့်မည်ဟု ခန့်မှန်း နိုင်သည်။

ပုဂံကျောက်စာအချို့တွင် ပသီ၊ ပန်းသေး ဟူသော ဝေါဟာရများကိုတွေ့ရသည်။ သာဓကအားဖြင့် ‘သ္မီ မြက်ရ ပသီ’ သက္ကရာဇ် ၅၈၅ခုထိုး၊ မင်းအနန္တသူ (လေးမျက်နှာဘုရား) ကျောက်စာ ကြောင်းရေ ၃၉-၄၀)’ငီ ငာ ပန်သိယ် ၁’ သက္ကရာဇ် ၆၀၄ ခုထိုး၊ ညောင်ရမ်းမင်းကြီးသမီး (အိမ်ရာကျောင်းကျောက်စာ) တောင်ဖက်ကျောက်ချပ်၊ စာကြောင်းရေ ၅) တို့ဖြစ်သည်။ အစ္စလာမ်ဘာသာဝင်များကို ရည်ညွှန်း ခေါ်ဆိုသည့် လူမျိုးအခေါ်အဝေါ်များကို ကျောက်စာများတွင် တွေ့ရှိရသည်ကို အထောက်အထားပြ၍ အစ္စလာမ်ဘာသာသည် မြန်မာနိုင်ငံသို့ ပုဂံခေတ်ကပင် စတင်ရောက်ရှိနေပြီဟု အခိုင်အမာ ဆိုနိုင် ပါသည်။ ပေ၊ ပုရပိုက်တို့ကို စာရေးကိရိယာအဖြစ် ပုဂံခေတ်ကပင် စတင်အသုံးပြုခဲ့မည်ဟု ယုံကြည် ရသောကြောင့် ပေ၊ ပုရပိုက်တွင်ရေးသား ထားသော စာပေများရှိကောင်း ရှိနိုင်မည်ဖြစ်သော်လည်း ရှာဖွေရန် ခဲယဉ်းနေပါသည်။ ထို့ကြောင့် ပုဂံခေတ်တွင် မြန်မာမူပြုအစ္စလာမ်စာပေ မရှိဟု ယတိပြတ်မဆိုသာပါ။

ရှေးအကျဆုံး တွေ့ရှိရသော အစ္စလာမ်စာပေမှာ ညောင်ရမ်းခေတ် (အေဒီ ၁၅၉၇-၁၇၅၁) စနေမင်း လက်ထက် (အေဒီ ၁၆၉၈-၁၇၁၄)တွင် ဖြစ်သည်။ ရုံးစာပေလက်ရေးမူ ကျမ်းများဖြစ်သည်။ ၎င်းတို့မှာ –

၁။ ဆုတောင်းကျမ်း (အရဗီ၊ မြန်မာ၊ အဓိပ္ပာယ်နှင့်တကွ)

၂။ သစ၀ုဖ်ကျမ်း (မြန်မာ)

၃။ ခွပ်သဗဟ်ကျမ်း (အရဗီမြန်မာ အဓိပ္ပာယ်နှင့်တကွ)

၎။ သရာဝီဟ်နမာဇ်ထူးမြတ်ကြောင်း (မြန်မာ)

၅။ မော်လူးဒ်ရှရီးဖ် (မြန်မာ) ဟူသည့် ကျမ်းများဖြစ်သည်။ ပြုစုရေးသားထားသူ၏ အမည်၊ ပါရှိသော အကြောင်းအရာနှင့် ဘာသာပြန်ဖြစ်ပါကလည်း မည်သည့်ဘာသာစကားမှ ပြန်ဆို သည် စသည်တို့ကို မသိရှိရပါ။

[ဦးခင်ရွှေ၊ အစ္စလာမ်စာပေပြခန်းမှတ်တမ်း၊ အစ္စလာမ်စာစောင် ၁၉၅၇ခု၊ ဖေဖော်ဝါရီ၊ စာ-၅၅]

ကုန်းဘောင်ခေတ် (အေဒီ ၁၇၂၅-၁၈၈၅)တွင် အစ္စလာမ်စာပေ အမြောက်အမြား တွေ့ရှိရသည်။ ကုန်းဘောင်ခေတ်တွင် ကျမ်းတော်မြတ်ကုရ်အာန်အား မြန်မာဘာသာပြန်ဆိုမှုကို စတင်တွေ့ရှိရသည်။ ကျမ်းမြတ် ကုရ်အာန်သည် ကမ္ဘာ့ကုလသမဂ္ဂ ယူနက်စကိုအတွင်းရေးမှူးများ အဖွဲ့ချုပ်က ထုတ်ပြန် ထားသော နိုင်ငံတကာစာပေ၌ အကျော်ကြားအထင်ရှားဆုံး စာအုပ် (၁၀၀)စာရင်းအရ ဘာသာ ရေးကဏ္ဍ၌တစ်အုပ်အပါအ၀င်ဖြစ်သည့် ကမ္ဘာ့ဂန္ထ၀င်စာပေ ကျမ်းတစ်ဆူဖြစ်ပါသည်။

[မောင်ဆုရှင်၊ ဂန္ထ၀င်စာပေဟူသည်၊ ဂန္ထ၀င်စာပေစာတမ်းများ (ပထမတွဲ)၊ စာ-၉၅၊ ရန်ကုန်၊ စာပေဗိမာန်၊၁၉၉၁]

ကုရ်အာန်ကျမ်းကို အစ္စလာမ်ဘာသာဝင်တို့က အမြဲရွတ်ဖတ်သရဇ္ဈာယ်ခြင်းပြုကြသည်။ ဤသည်ကို ရည်၍ စာပေလေ့လာသူတို့က ယင်းကျမ်းသည် ကမ္ဘာပေါ်ရှိ လူဦးရေအများဆုံး ဖတ်ရှုသော ကျမ်း ဖြစ်သည်ဟု ဆိုစမှတ်ပြုကြပါသည်။

[မောင်ထင်၊ အာရပ်စာပေသမိုင်း၊ ကမ္ဘာ့စာပေအညွှန်း (အိန္ဒိယ၊ အီရန်၊ အာရပ်စာပေသမိုင်း) စာ-၉၁၊ ရန်ကုန်၊စာပေဗိမာန်၊၁၉၇၄]

ဤမျှ ကျယ်ပြန့်မှုရှိသော ကျမ်းမြတ်ကုရ်အာန်ကို မြန်မာဘာသာသို့ ပြန်ဆိုသည့် အထောက် အထားအား ဤသို့တွေ့ရှိရသည်။”ဗဒုံမင်းလက်ထက် ကျမ်းစာစုဆောင်းဖို့ အိန္ဒိယကို လွှတ်တဲ့အခါ အစ္စလာမ်ဘာသာနဲ့ ပတ်သက်တဲ့ စာပေများလည်း စုဆောင်းခဲ့တယ်။ အစ္စလာမ်ဘာသာ အကျဉ်း ချုပ်ကျမ်းပါလာ လို့ ဒီကျမ်းကတစ်ဆင့် ကိုရမ်ကျမ်းရဲ့ အနှစ်သာရ အဆီအနှစ်များကို သိရှိရတယ်။

ကုန်းဘောင်ခေတ်ဦးပိုင်းမှာ ကိုရမ်ကျမ်းကို မြန်မာဘာသာ မပြန်ဆိုရသေး လို့ အာရေဗျ ဘာသာ နဲ့ဖတ်နိုင်အောင် သင်ပေးတယ်။ နောက်ပိုင်းမှာ မြန်မာဘာသာနဲ့ ပြန်ဆိုစေခဲ့တယ်။

”[တတိယနှစ် ၀ိဇ္ဇာသင်တန်း (သမိုင်းသာမန်) သမိုင်းဘာသာပို့ချချက်များ၊ စာ-၃၇၊ မြန်မာနိုင်ငံသမိုင်း သင်ရိုး အမှတ်(၃၀၃) အတွဲ(၂)၊ တက္ကသိုလ်စာပေး စာယူသင်တန်း၊ စာစဉ် (၁၁၅) ၁၉၈၇၊ စက်တင်ဘာ]

ထို့ကြောင့် ကုန်းဘောင်ခေတ်ဦးပိုင်းအထိ အစ္စလာမ်ဘာသာဝင်များသည် ကျမ်းမြတ်ကုရ်အာန်ကို အရဗီ ဘာသာနှင့်ပင် လေ့လာခဲ့ကြသည်ဟု ယူဆနိုင်ပါသည်။ ကုန်းဘောင်ခေတ် အမရပူရမြို့တည် နန်းတည်ဘိုးတော် ဘုရားဗဒုံမင်း(သက္ကရာဇ် ၁၁၄၃-၁၁၈၀)လက်ထက်တွင် ကျမ်းမြတ်ကုရ်အာန် မြန်မာပြန်ဆိုမှုကိုစတင် တွေ့ရှိရသည်။ ဘာသာပြန်ဆိုသူ ပညာရှိကြီးမှာ ရွှေတောင်သာဂသူ ဆရာကြီးဦးနုဖြစ်သည်။

ဆရာကြီးဦးနုသည် အသက်(၂၉)နှစ်အရွယ်ကစ၍ ကျမ်းစာများကို စတင်ပြုစုရေးသားသည်။ ထိုသို့ ကျမ်းများရေးသည့်အခါ အရဗီစာပေအချို့ကို မြန်မာဘာသာပြန်ဆိုမှုပြုရပါသည်။ ဆရာကြီးဦးနု၏

၆ – ခန်းကျမ်း ပထမအခန်းအစတွင် ”ယခုပြုစုအံ့သည်မှာ (နမာဇ်)တွင် ဘတ်ရွတ် သရဇ္ဈာယ် သည့် (အရ်ဗျီ)ဘာသာကို မြန်မာဘာသာသို့ ပြန်ဆိုပါမည်။ စိတ်၌အကြံရှိသည်မှာ နှစ်လများ လှပြီ။ ခုံမင်းမောင်ဥ တောင်းပန်သည်လည်း ရှစ်နှစ်ကျော်ပြီ။ ပြန်ဆိုရာ အဓိပ္ပါယ်ကျန်ြွကင်းမှားယွင်းရှိလျှင် ပညာရှိသောသူတို့ပြင်တော်မူကြပါ။ (အာယတ်) များလည်းပါ သည်ဖြစ်၍ အဓိပ္ပါယ်မကုန်နိုင်ရာ၊ ကျွန်ုပ် ဥာဏ်ဝင်စားနိုင် သရွေ့သာဖြစ်နိုင်ရချေသည်”

[ဦးနု၏ ၆ ခန်းကျမ်း၊ ငါးစောင်တွဲကျမ်း၊ စာ-၂၀၅၊ ရန်ကုန်၊ လောကပါလ ပိဋကတ်ပုံနှိပ်တိုက်၊ ၁၉၃၁]ဟု ရေးသား ထားသည်။ အရဗီဘာသာမှ မြန်မာဘာသာသို့ ပြန်ဆို ကြောင်းခိုင်လုံသော အထောက်အထား တစ်ရပ်ဖြစ်သည်။ ဆရာကြီးဦးနု၏ သုံးခန်းကျမ်း၊ ခြောက်ခန်းကျမ်း၊ ၃၅ခန်းကျမ်း၊ သံတော်ဦးတင်လွှာကျမ်း တို့တွင် ကုရ်အာန် အာယတ်တော်များကို ကိုးကား၍အရဗီမူရင်း နှင့် တကွ မြန်မာ အသံထွက်၊ မြန်မာဘာသာ ပြန်ဆိုချက်များ ရေးသားထားသည်ကို နေရာအတော် များများ တွင်တွေ့ရှိရသည်။

စာဆိုတော်ဦးနု (၁၇၆၂-၁၈၂၂)သည် ရမ္မာဝတီမြို့ဝန်ဖြစ်သည်။ဘုရင့်အထောက် တော် တစ်ဦးလည်း ဖြစ်သည်။ ရွှေတောင်သာဂသူဘွဲ့ချီးမြှင့်ခံရသည်။ သာသနာ့ဘွဲ့အမည်မှာ မုဟမ္မဒ်ကာစင်မ် ဖြစ်သည်။ ‘ကာစင်မ်’၏အဓိပ္ပာယ်မှာ ဖြန့်ချိသူ၊ ဖြန့်ဝေသူ ဟူ၍ဖြစ်သည်။ ဗဒုံမင်း၏တာဝန်ပေးချက်အရ အိန္ဒိယနိုင်ငံသို့သွားကာစာပေကျမ်းဂန်များ သယ်ပေးခဲ့သည်။ ပေ ပုရပိုက်မူ ၁၀၀ကျော်နှင့် ကျမ်း ပေါင်း( ၁၇၇ကျမ်း ) ဆောင်ယူပေးခဲ့ကြောင်း သိရသည်။ ကျမ်းပေါင်း ၆၀ ကျော်ရေးသားခဲ့သည်။ ၁၁ ခန်းကျမ်း(၁၇၉၀)၊ ၃ခန်းကျမ်း (၁၇၉၄)၊ ဘင်္ဂလားသွားမှတ်တမ်းလင်္ကာ ၅၅ ပိုဒ်(၁၈၀၅)၊ ၇ ခန်းကျမ်း (၁၈၀၇)၊ ၆ ခန်းကျမ်း(၁၈၁၂)၊ ပညတ်ခွဲတမ်း ၁၆ ပိုဒ် လင်္ကာကျမ်း (၁၈၁၃)၊ ၃၅ ခန်းကျမ်း(၁၈၁၄)၊ သံတော်ဦးတင်လွှာကျမ်း (၁၈၁၆)တို့မှာ ပုံနှိပ်ပြီးဖြစ်သည်။ ထို့အပြင် မိအ်ရာဂ်ျခန်းကျမ်းစာခေါ် ပျို့ကျမ်းတစ်စောင်ကိုလည်း ရေးခဲ့သည်။ ပိုဒ်ရေပေါင်း (၂၈၈)ပိုဒ်ပါဝင်သည်။ လက်ရေးမူ အဆင့်၌သာရှိသည်။

ထိုကျမ်းများအနက် ၃ ခန်းကျမ်း၊ ၆ ခန်းကျမ်းတို့သည် ယုံကြည်မှုအကြောင်းကို အဓိက ဖော်ကျူးထားသည်။ အရဗီမှ မြန်မာဘာသာသို့ တိုက်ရိုက်ပြန်ဆိုသော နိဿယမျိုးဖြစ်သည်။ ၁၁ ခန်းကျမ်းနှင့် ၃၅ခန်းကျမ်းမှာ အစ္စလာမ်၏အခြေခံမဏ္ဍိုင်ကြီး ၅ ရပ်နှင့် ကျင့်ရန်ကြဉ်ရန်တို့ကို ခွဲခြား လမ်း ညွှန်ထားသောကျမ်းဖြစ်သည်။ ပညတ်ခွဲတမ်း ၁၆ ပိုဒ်လင်္ကာကျမ်းမှာ ၀တ်ပြုမှုဆိုင်ရာကို ဖွဲ့ဆိုထားသည်။

ဘင်္ဂလားသွားမှတ်တမ်းလင်္ကာကြီးမှာ ခရီးသွားမှတ်တမ်းဖြစ်ပြီး မြန်မာစာပေလောက၌ စာပေ တစ် စောင် တစ်ဖွဲ့အနေနှင့် အစောဆုံးတွေ့ရသော မှတ်တမ်းဖြစ်သည်။ နိုင်ငံရေး၊ သမိုင်းရေး၊ ဘာသာ ရေး၊စီးပွားရေးနှင့် ယဉ်ကျေးမှု အစုစုကို ပေါင်းစပ် ရေးထားသည်။ တရားသံဝေဂနှင့် ဆုံးမ စကားများလည်း ပါဝင်သည်။ ရာဇ၀င် အထောက်အထားဖြစ်နိုင်သည့် အချက်အလက်ပါရှိခြင်း၊ ဗြိတိသျှနယ်ချဲ့စနစ်၏ အန္တရာယ်ကို စာပေမှတစ်ဆင့် အစောဆုံးတင်ပြအသိပေးခြင်း၊ မြန်မာစာပေတွင် အစ္စလာမ်ဘာသာရေး၊ တရားသဘောကို ထည့်သွင်းတင်ပြခြင်း၊ ခရီးသွားခြင်းအကြောင်းကို ကဗျာ လင်္ကာဖြင့် မှတ်တမ်းတင်ရေးဖွဲ့ထားခြင်းတို့မှာ ဤမှတ်တမ်းကြီး၏ ထူးခြားချက်များဖြစ်၏။

သံတော်ဦးတင်လွှာကျမ်းမှာ သက္ကရာဇ် ၁၁၇၈ ခုနှစ်တွင် ဘိုးတော် ဗဒုံမင်းထံတင်သွင်းသော ကျမ်းဖြစ်သည်။ ဘိုးတော်ဘုရား (၁၁၄၃-၁၁၈၀)ခုလက်ထက်တွင် သာသနာ ပေါင်းစုံနှင့်စပ်လျဉ်း၍ ဘုရင်ဧကရာဇ်က စူးစမ်းမေးမြန်းလေ့လာတော်မူရာတွင် အစ္စလာမ်သာသနာ အတွက် ဦးနုက ရေးသား တင် ဆက်သော အစ္စလာမ်သာသနာ လျှောက်စာတမ်းပင်ဖြစ်ပေသည်။ [သံတော်ဦးတင်လွှာကျမ်း၊ ဇေယျကျော်ထင် ဗိုလ်မှူးဘရှင်၏ကျမ်းဦး စကား၊ စာ-(ဈ)၊ အစ္စလာမ်စာ ပုံနှိပ်တိုက်၊ ရန်ကုန်၊ ၁၉၆၀]

ဤနေရာတွင် အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ်၏ အတွင်းရေးမှူးချုပ်လည်းဖြစ်၍ မြန်မာ့ သမိုင်းပညာရှိတစ်ဦးလည်းဖြစ်သော ဇေယျကျော်ထင်ဗိုလ်မှူးဘရှင်၏ အဆိုအမိန့်မှာလည်း မှတ်သား ဖွယ် ဖြစ်ပါသည်။ သံတော်ဦး တင်လွှာကျမ်း၏ ကျမ်းဦးစကားတွင် ‘အစ္စလာမ်ဘာသာဝင် မြန်မာစာပေ သမိုင်း’ ဟူသောခေါင်းစဉ်ဖြင့်- ”မြန်မာစာပေသမိုင်းတွင် အစ္စလာမ်သာသနာကို အခြေပြုသည့် စာကောင်း ပေကောင်းများပေါ်ပေါက် ခဲ့သည့် ခေတ်ရှိသည်ဟုဆိုလျှင် သာမန်အားဖြင့် သံသယဖြစ်ကြ ပေလိမ့်မည်။ စကားမြေသာမက ပျို့ ကဗျာ လင်္ကာများပင် ထွန်းကားခဲ့သည် မှန်သော်လည်း ထိုစာပေတို့မှာ မွတ်စလင်မ်မဟုတ်သော စာဖတ်ပရိတ်သတ်၏ လောကကိုထားဘိဦး။ မွတ်စလင် စာဖတ်ပရိတ်သတ်လောက၌ပင် ကျယ်ပြန့်စွာ ထင်ပေါ်သင့်သလောက် ထင်ပေါ်ခြင်းမရှိခဲ့ပေ။”ဟူ၍ ဖော်ပြထားရာ အလွန်မှန်သောအဆိုအမိန့် ဖြစ်ပါသည်။ အစ္စလာမ်စာပေများကို ရှာဖွေလေ့လာ ဖတ်ရှု သင့်ပါသည်။ သမိုင်းအရ တန်ဖိုးမဖြတ်နိုင်သော စာပေ အမွေအနှစ်များဖြစ်ပါသည်။ ထိုစာပေများက မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်တို့အတွက် သမိုင်း အထောက်အပံ့ကောင်းများ ပေးနိုင်ပါလိမ့်မည်။

ထို့အပြင် စာဆိုတော်ဟာဂျီမှန်(၁၈၃၄-၁၉၀၅)၏ မြတ်ဆုရလင်္ကာကျမ်းမှာ ထင်ရှားပါသည်။ မန္တလေး ရတနာပုံပထမ မြို့တည်နန်းတည် မင်းတုန်းမင်းတရားကြီး လက်ထက် သက္ကရာဇ်(၁၂၂၇)ခု တန်ဆောင်မုန်း လပြည့်ကျော်(၃)ရက် အင်္ဂါနေ့တွင် ပြုစုခဲ့သည်။ ပိုဒ်ရေ(၇၂)ပိုဒ်နှင့် သံပေါက်လင်္ကာ ၁၆၈ပုဒ်ပါဝင်သည်။ ၁၉၆၀ ခုနှစ်တွင် မန္တလေးမြို့၊ မန်းညွန့်ပုံနှိပ်တိုက်က ပုံနှိပ်ထုတ်ဝေသည်။ သစောင်ဝုဖ်နှင့် စပ်လျဉ်း၍ မော်လာနာ ရူမီသခင်ကြီး၏ မဆ်န၀ီကျမ်းကို မှီးကာ လင်္ကာဖွဲ့ ထားခြင်းဖြစ်သည်။ ဖွေကာ အပ်ကဗရ်ကျမ်းနှင့် စွလာတုလ် အာရေဖွီကျမ်းများလည်း ပြုစုခဲ့သည်။

ကိုလိုနီခေတ်အတွင်း မြန်မာစာပေနှင့် အူရဒူစာပေတိုက်ပွဲမှာလည်း ထူးခြားချက်တစ်ရပ်ဖြစ်သည်။ ၁၈၂၄ သူ့ကျွန်ဘ၀ရောက်ချိန်မှစ၍ အိန္ဒိယသား အစ္စလာမ်ဘာသာဝင်များ မြန်မာပြည်သို့ ရောက်လာ သည်။ ၁၉၁၅တွင် ၎င်းတို့ဦးဆောင်၍ မွတ်စလင်ပညာရေးအဖွဲ့ချုပ်ကြီးဖွဲ့သည်။ မြန်မာနိုင်ငံရှိ ဘာသာရေး စာသင်ကျောင်းများတွင် အူရဒူစာကို အဓိကထားသင်ရန် ဆုံးဖြတ်သည်။ ၁၉၂၉ ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပသော ပဲခူးမြို့ညီလာခံကြီး၌ အူရဒူစာကို အဓိကထားသော အုပ်စုနှင့် မြန်မာစာကို အဓိက ထားသောအုပ်စုအယူအဆ ကွဲခဲ့ကြသည်။ နောက်ဆုံးတွင် မြန်မာစာကို အဓိက ထားသော အုပ်စုကသာ အားသာခဲ့သည်။ အစ္စလာမ်က လူမျိုးအသီးသီး၏ ဘာသာစာပေနှင့် ယဉ်ကျေးမှုကို အလေးထားသည်။ အသိအမှတ်ပြုသည်။လူသားမျိုးနွယ် အုပ်စုတိုင်းအတွက် ရစုလ် တမန်တော်တစ်ပါး ပွင့်ရောက်ခဲ့သည်ဟူသော ကျမ်းမြတ်ကုရ်အာန်(၁၀း၄၇)အရ -လူသားမျိုးနွယ် တိုင်း၏ ဘာသာစာပေတိုင်းကို လေးစားရမည်။ ယုတ်ညံ့နိမ့်ကျသောဘာသာစကားဟူ၍မရှိ။ ယနေ့ကမ္ဘာပေါ်ရှိ ဘာသာဗေဒ ပညာရှင်များကလည်း ဤအယူအဆ ကိုလက်ခံထားသည်။

ကိုလိုနီခေတ် ကောဇာသက္ကရာဇ် ၁၂၄၂ ခု(၁၅၅၀)သီပေါမင်း လက်ထက်တွင် ကျောက်ရုံးတော် အုပ်မင်း ပတ္တမြားကျောက်ကုန်သည် ပညာရှင် ပလီတကာဟာဂျီဦးမိုးက နမားဇ် ဖတ်နည်း နိသျည်း ကျမ်း တစ်အုပ်ကို မြန်မာအရဗီနှစ်ဘာသာဖြင့် ဘုံဘေမြို့တွင် ရိုက်နှိပ်ခဲ့သည်။ စာအုပ်အမည်မှာ ‘အဟ်ကာမွတ် ဆွလာတ်’ဖြစ်သည်။ ယင်းထက်အလျင်ကလည်း မန္တလေး ဂရာနာအဖွဲ့မှ ဖတ္တ၀ါဓမ္မသတ် ကျမ်းစာကို ကလကတ္တားမြို့တွင် ရိုက်နှိပ်ခဲ့ သည်။ ၁၈၉၂ တွင် ရှိတ်အစ္စမာအင်၏ ဖကီများကျင့်စဉ်၊ ၁၈၉၃တွင် ရှမ်စွတ်ဒိန်၏ နဆီဟတုလ် အစ္စလာမ်၊ ၁၉၃၀ တွင် ခလီဖွာဟ်ဦးမြစ်၏ အန္န၀ါရေဗျစ္စမျစ်လာကျမ်းနှင့် အပ်စရားရေစူရဟ်ဖွာတေဟဟ်ခေါ် အလ်ဟမ် တဖ်စီရ် နှစ်ကျမ်းတွဲ၊ ၁၉၃၁တွင် စစ်ကိုင်းမြို့ မင်လမ်း မြောက်ရပ်နေ မုဟမ္မဒ်အီစာ၏ တမ်ဗျီယွလ် မုအမျေနီကျမ်း တို့ထွက်ပေါ်လာသည်။ထိုကျမ်းတွင်လင်္ကာသံပေါက်၃၉ပိုဒ်ပါဝင်သည်။

၁၉၃၂ ခုနှစ်တွင်ဦးလှတင်၏ ‘မုဟရ်ရမ်နာမာနှင့် ရှဟာဒတ်ဗယမ်’ထွက်လာသည်။ မန္တလေးမြို့ ချွေတာရေး ပုံနှိပ်တိုက်မှ ထုတ်ဝေခဲ့သည်။ အရဗီ၊ ဖာရစီ၊ ဟင်ဒီ၊ အူရဒူဘာသာများမှ ပေါင်းစည်း၍ မြန်မာ ဘာသာသို့ပြန်ဆိုထားခြင်းဖြစ်သည်။ ဦးလှတင်သည် အစိုးရမင်းတို့၏ ဂုဏ်ထူးဆောင် လက်မှတ်ရမြန်မာစာညွန့်ပေါင်းကျမ်းပြုစုရေး အဖွဲ့တော်ဝင် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

[တက္ကသိုလ်နန္ဒမိတ်၊ အရဗျီမှ မြန်မာ ဘာသာသို့ပြန်ဆိုခြင်း၊ မြ၀တီမဂ္ဂဇင်း၊ စာ-၁၅၉၊ ၁၉၆၈၊ ဇန်န၀ါရီ]

၁၉၄၇ တွင် ဦးထွန်းကြွယ်က အရကနွလ် အစ္စလာမ်(အစ္စလာမ်အဓိက ကျင့်စဉ်ကျမ်း)ကို ပြုစုခဲ့သည်။ ဦးထွန်းကြွယ်သည် အစ္စလာမ်ပေါင်းချုပ်ကျမ်းဖြင့် အစ္စလာမ်စာပေ လောကတွင် ထင်ရှားပါသည်။

ကုရ်အာန်ကျမ်းမြတ်၏ပထမဦးဆုံး ဘာသာပြန်ကျမ်းကို ပထမကမ္ဘစစ်ကြီး မဖြစ်မီ ၁၉၁၂ ခုနှစ်က ပုံနှိပ်ထုတ်ဝေခဲ့သည်။ ဘာသာပြန်ဆိုသူမှာ မန္တလေးမြို့၊ ရွှေဘုန်းရှိန်ရပ်၊ ရှမ်းစု စာတိုက် အနီးနေ ဟာဂျီ နုရွတ်ဒင်န် ခေါ်ဟာဂျီလူဖြစ်သည်။ မြိရ်ဇာဟိုင်ရသ်ရေးသားသော အုရ်ဒူ ဘာသာပြန် မှတဆင့် မြန်မာဘာသာပြန်ဆိုခြင်း ဖြစ်သည်။ ထိုမြန်မာဘသာပြန် ကုရ်အာန်ကျမ်းများကို သူဌေးကြီး K.I.H ဦးဘအိုက အခမဲ့ ဓမ္မဒါနပြုခဲ့သည်။ အရဗီမူရင်းမပါဘဲ အဓိပ္ပာယ်သက်သက်နှင့်အတူ အာယတ်တော်ကျရောက်ခဲ့သည့် နောက်ခံသမိုင်းပါ ပါဝင်သည်။ လေ့လာသူများ ပိုမိုးပြည့်စုံစွာ လေ့လာနိုင်ရန် ဟာဂျီလူသည်သူ၏ မြန်မာဘာသာပြန် ကုရ်အာန်ကျမ်းကို အရဗီမှ တိုက်ရိုက်ပြန် ဆိုကာ ဒုတိယအကြိမ် အစအဆုံး ပြန်လည်ရေးသား၍ ၁၉၃၈တွင် ရိုက်နှိပ်ထုတ်ဝေခဲ့သည်။

မြန်မာစာပေသမိုင်းတွင် တစ်အုပ်တည်းသော အရဗီအင်္ဂလိပ် မြန်မာအဘိဓာန်ကြီးကို ၁၉၄၁တွင် ထုတ် ဝေခဲ့သည် ဒေါက်တဟာဂျီ အပ္ပဒူလ်ဂဖူရ်ခေါ် ဦးဘချို မော်လ၀ီမုဟမ္မဒ် ရာဟမတွလ္လာဟ်ဆပ်၊ မော်လ၀ီ အပ္ပဒူရာမာန်နဒ၀ီဆပ်တို့က ဘာသာပြန်ဆိုသည်။ ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းဘာသာရပ် ပါမောက္ခဆရာကြီး ခါန်ဆာဟစ်ဘ်အဟ်မဒ်ကာစင်မ်က ကြီးကြပ်စစ်ဆေးသည်။ စင်္ကာပူမြို့ အငြိမ်းစားတရားသူကြီး အလ်ဟာဂ်ျ ဟာဖိဇ်ဂိုလမ်ဆာရ်ဝါန်(M.A)၏ အင်္ဂလိပ်ဘာသာဖြင့် ပြုစုခဲ့သည့် အရဗီအင်္ဂလိပ် အဘိဓာန်ကိုအခြေခံ၍ မြန်မာပြန်ဆိုဖြည့်စွက်ထားခြင်းဖြစ်သည်။

ဒုတိယမြောက် မြန်မာဘာသာပြန်ကို သီရိပျံချီ ဦးဘစိန်က ပြုစုခဲ့သည်။ မစ္စတာပစ်(က်)သောလ်၏ အင်္ဂလိပ်ဘာသာပြန် ကုရ်အာန်ကို အခြေခံပြုစုထားသည်။ ၁၉၆၂ ခုနှစ်တွင် ပေါ်ထွက်ခဲ့သည်။ အရဗီစာကိုယ်မပါ မြန်မာဘာသာပြန်သက်သက်ဖြစ်သည်။ တတိယမြောက် မြန်မာဘာသာပြန်ကို သီရိပျံချီ ဆရာကြီးဃာဇီနှင့် မောင်လာနာ မက္ကဆူးဒ် အဟ်မဒ်ခန် တို့က ဘာသာပြန်ဆိုခဲ့ကြသည်။ ၁၉၅၀ ခုနှစ်တွင် စတင် ရေးသားသည်။ ကျမ်းမြတ်ကုရ်အာန် မြန်မာဘာသာပြန် ၁၀စောင်တွဲ ၃ တွဲထုတ်ဝေသည်။ ၁၉၇၇မှ ၁၉၈၀ခုနှစ် အတွင်းဖြစ်သည်။ အကျယ်ပြန်ဆိုချက် အလင်းပြန်ကျမ်း အစောင် ၃၀ ကိုလည်းထုတ်ဝေသည်။ ၁၉၅၄ ခုနှစ်ကစပြီး ၁၉၉၂ခုနှစ်တွင် အတွဲအစအဆုံး ပုံနှိပ်ထုတ် ဝေပြီးဖြစ်သည်။ အရဗီမြန်မာယှဉ်တွဲဖော်ပြထားသည်။

မော်လာနာမုဟမ္မဒ်မူစာ(မဇွာဟေရီ)ကလေည်း မုသွေ့ဟွလ်ကုရ်အာန်ဟူသော ကုရ်အာန်ကျမ်းမြတ်၏ မြန်မာဘာသာပြန်ကို အစောင် ၂၁ မှ ၃၀အထိ ပြန်ဆို၍ ၁၉၇၅နှင့် ၇၆ ခုနှစ်တွင် ပုံနှိပ် ထုတ်ဝေ ခဲ့သည်။ ဆရာကြီးမောင်လာနာ မက္ကဆူးဒ်အဟ်မဒ်ခန်းကလည်း ကုရ်အာန် ဘာသာပြန်ကျမ်း အစ အဆုံး ပြန်ဆိုရေးသား၍ စာကူးစက်ဖြင့်ထုတ်ဝေခဲ့သည်။ မောင်ဒူဒီ၏ တဖဟီးမုလ်ကုရ်အာန်ကို ဘာသာပြန်ဆို ထားခြင်းဖြစ်သည်။

မျက်မှောက်ခေတ်တွင် ဟဒီးဆ်(တမန်တော်မြတ်၏သြ၀ါဒ)၊ စိရတ်(တမန်တော်မြတ်၏ အတ္ထုပ္ပတ္တိ) နှင့် ကျင့်ရန်ကြဉ်ရန် ဘာသာရေးသက်သက် စာပေတို့မှာ အမြောက်အမြားပင် ထုတ်ဝေလျက်ရှိပါ သည်။ ဘာသာရေး ပညာရှိကြီးများဖြစ်သည့် မော်လ၀ီဟစံရှား၊ ဦးရွှေယွန်း(မြိတ်)၊ မုဖ်တီဆွာလေအမီနီ၊ မော်လာနာအိဗ်ရာဟင် (မော်လမြိုင်)၊ သီရိပျံချီ အလ်လာမဟ်ဃာဇီ မုဟမ္မဒ်ဟာရှင်၊ မော်လာ နာနူးရ်မုဟမ္မဒ် (ကမ္ဘာ့အလင်း)၊ အလ်ဟာဂ်ျ မော်လာနာ ဟာရှင်ဆာနီဦးကျော်အေး၊ မော်လာနာမူဆာ (မဇွာဟေရီ)၊ မော်လာနာ ဦးခင်မောင်ကြီး၊ မော်လာနာ ဦးခင်ရွှေ၊ ဆရာကြီးစီအေ ဦးဗလွင်၊ ဆရာကြီး အမ်အေဂနီ၊ ဆရာကြီးဓူဝံဂနီ၊ ဆရာကြီးဦးအဟ်မဒ်၊ သီရိပျံချီ ဦးဘစိန်၊ သီရိပျံချီ ဦးဘသောင်း၊ ဒဂုန်သိန်းနှင့် သမိုင်းပညာရှိ များဖြစ်သည့် ရွှေဘိုဦးဘဦး၊ ရှေ့နေဦးမြ၊ဆရာချယ်၊ ဗိုလ်မှူးဘရှင်တို့၏ ဘာသာရေးနှင့် သမိုင်းဆိုင်ရာ စာပေများအမြောက်အမြားပင်ဖြစ်ပါသည်။ မျက်မှောက် ခေတ်တွင် ထုတ်ဝေလျက်ရှိသော ဘာသာရေး စာပေမှ အချို့ကိုဖတ်ရှုလေ့လာရန် စာအုပ်စာရင်းအဖြစ် ဤသင်ခန်းစာ၏ နောက်ဆက်တွဲတွင် ဖော်ပြထား ပါသည်။

မြန်မာမှုပြု အစ္စလာမ်စာပေနယ်ပယ်တွင်ဝတ္ထုများ၏ အင်အားမှာလည်း မသေးလှပါ။ ၁၈၈၉တွင် မုဟမ္မဒ်ရှမ်ရှုဒင်ခေါ် စာရေးမောင်ဘိုးခင်၏ ဟာတင်တာယီဝတ္ထုထွက်ပေါ်လာသည်။ မြန်မာစာပေ သမိုင်းတွင် ပထမမြန်မာ ကာလပေါ်ဝတ္ထုဟု အသိအမှတ်ပြုထားသော ဂျိမ်းစ်လှကျော်၏ မောင်ရင်မောင် မမယ်မ၀တ္ထုမှာ ၁၉၀၄ တွင်ပေါ်ထွက်ခဲ့သည်။ ဟာတင်တာယီ ၀တ္ထုမှာ မြန်မာကာလ ပေါ်ဝတ္ထု၏ သန္ဓေတည်ရာဖြစ်သည်။”မြန်မာစာပေသမိုင်းတွင် ၁၈၈၉ခုနှစ်၌ မြန်မာမွတ်စလင် မောင်ဖိုးခင်ခေါ် မူဟာမက်ရှမ္မရှုဒင် သည်အရဗီဘာသာမှ ဟာတင်တာယီဝတ္ထုကို ဘာသာပြန်သည်။ (အီစွတ်ပုံပြင် ဘာသာပြန်လည်းရှိသည်။ သို့သော်ယင်းမှာဝတ္ထုရှည်အဖွဲ့၌ အကျုံးမ၀င်) ၁၉၀၂ ခု၌လည်းခရစ်ယာန် သာသနာပြု အဖွဲ့ဝင်တစ်ဦးက ရောဘင်ဆန်ကရူးဆိုး ၀တ္ထုကိုဘာသာပြန်သည်။ ၁၉၀၄ခုနှစ်တွင် ဂျိမ်းစ်လှကျော်က ဒူးမား၏မွန်တီခရစ္စတို မြို့စားကြီးကိုမှီး၍ မောင်ရင်မောင် မမယ်မကို ရေးသည်။ မောင်ရင်မောင် မမယ်မကို နှောင်းလူတို့အသိများသောကြောင့် ယင်းကိုပင် အနောက် တိုင်းနိုဗယ်အဖွဲ့တွင် အကျုံးဝင်သောပထမကာလပေါ်ဝတ္ထုဟုမှတ်ယူလျက်ရှိကြ၏။ စင်စစ် အဆိုပါဝတ္ထု အဖွဲ့၏ ကလလရေကြည်တည်ခြင်းကို အစရှာကြည့်လျှင် ဟာတင်တာယီနှင့် ရော်ဘင်ဆန် ကရူးဆိုးတို့ ၌ ရှာ၍တွေ့သည်။ ဟာတင်တာယီကို အာရဗီဘာသာ မှတစ်ဆင့် ယူသည့် တိုင်အောင်ထိုအဖွဲ့သည် အနောက်တိုင်း နိုဗယ်အဖွဲ့၌ အကျုံးဝင်သည်။”

[မောင်ထင်၊ တရုတ်နှင့်ဂျပန်စာပေသမိုင်း၊ ကမ္ဘာ့စာပေအညွှန်း၊ စာ-၂၂၁၊ ရန်ကုန်၊ စာပေဗိမာန်၊ ၁၉၇၆]

၁၈၉၆တွင် ဒေါက်တာရှိတ် အဗ္ဗဒူရာမန်၏ပသီပုံပြင် ၀တ္ထုကြီးထွက်ပေါ်လာသည်။ မြန်မာစာ ပေနယ် တွင် ယနေ့တိုင်သြဇာကြီးမားလျက်ရှိပါသည်။ ”လွန်ခဲ့သောနှစ်တစ်ရာခန့်က မြန်မာစကားပြေ အရေး အသားအဖြစ် တန်ဖိုးရှိလှသည့်အပြင် မြန်မာမှုများထင်ဟပ်နေသော စာပေလက်ရာအဖြစ်လည်း စိတ်ဝင်စားဖွယ်ဖြစ်သည်။”

[မောင်ခင်မင်(ဓနုဖြူ)၊ပသီပုံပြင်အရေးအသား၊ငွေတာရီမဂ္ဂဇင်း၊၁၉၉၆၊ဇန်န၀ါရီ]

၁၈၉၈တွင်မောင်လာအလီသခင်ဝတ္ထု၊ ၁၈၉၈တွင် မုဟမ္မဒ်ကာဆင်နှင့် မုဟမ္မဒ်ယူဆွပ်တို့၏ဘာဂို ဘဟာရ်ဝတ္ထု၊ ၁၉၀၂တွင် မောင်ကာဆင်၏ အမြိရ်ဟမ္မဇာ ၀တ္ထုရာဇ၀င်တော်ကြီး၊ ၁၉၀၄တွင် ဦးကာဆင်၏ ယူဆွဖ်ဇုလိုင်ခါ မင်းသားမင်းသမီး ဇာတ်နိပါတ်ဝတ္ထုတော်ကြီး၊ ၁၉၀၇တွင် ဦးမြစ် နှင့်ဦးမြ၏ အမြိရ်ဟမ္မဇာ ၀တ္ထုရာဇ၀င်တော်ကြီး၊ ၁၉၀၇တွင် ဦးမြစ်၏ ယူဆွဖ်နဗျီကစ်ဆွာ ၀တ္ထုတော်ကြီး၊ ၁၉၀၉ခုနှစ်တွင် စာဆိုတော် ဟာဂျီမှန်၏ သားမောင်ကြင်ရေးသည့် ကစ်စွာစွလ် အမ်ဗြေယာကျမ်းတို့ ထွက်ပေါ်လာသည်။ ၁၉၁၁ တွင် စာဆို အများစုပေါင်းရေး၍ မောင်လှတင် တည်းဖြတ်သည့် ဘီဘီခတီဂျာ သခင်မ၀တ္ထုတော်ကြီးထွက်ခဲ့ပါသည်။ ”တို့ဗမာမွတ်စလင်မ် စာရေး ဆရာကြီးများ၏လက်ရာအဖြစ် လူသိနည်းပါးသည့်အပြင် စာပေလောကတွင် ဘာသာပြန် ၀တ္ထုများ အဖြစ် ထင်ရှားသင့်သလောက် မထင်ရှားခဲ့သည်မှာ ၀မ်းနည်းဖွယ် ကောင်းလှပေသည်။

” [သီရိပျံချီ ဦးသာမြတ်၊ တို့ဗမာမွတ်စလင်ကြီးများ၏ လက်ရာများ၊ မြ၀တီမဂ္ဂဇင်း၊ ၁၉၅၉၊ ဖေဖော်ဝါရီ]

Credit :

http://webcache.googleusercontent.com/search?q=cache:aQ6_U6k5OlMJ:w…

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s