ပသီဦးကိုကိုလေး(သမိုင်းသုတေသီ)၊ စာရေးဆရာ၊

ပသီဦးကိုကိုလေး(သမိုင်းသုတေသီ)၊ စာရေးဆရာ၊

 စာပေလုပ်သားအဖွဲ့ဝင်အမှတ်(၁၄၄၇)အား ၁၉၂၁-ခု ဇွန်လ(၂)ရက် ကြာသပတေးနေ့တွင် မန္တလေးမြို့ စကြာနွယ်စဉ်ရပ်၌ အဘ ဦးစလေမန်၊ အမိဒေါ်တီတို့မှ မွေးဖွားခဲ့ပါသည်။ မွေးချင်း(၁၀)ယောက် အနက်မှအကြီးဆုံး သားဖြစ်ပြီး မိဘ(၂)ပါးနှင့် ညီ(၁)ယောက်၊ညီမ(၈)ယောက်မှ ချစ်ခင်မှုကို အပြည့်အ၀ ရရှိသူတစ်ဦးပင်ဖြစ်၏။၁၉၃၅-ခုနှစ်တွင် ကောလင်းမြို့ အင်္ဂလိပ်-မြန်မာအလယ်တန်း ကျောင်း မှ (၇)တန်းအောင်မြင်ပြီး ၁၉၃၆-၃၇ ခုနှစ်တွင် ရန်ကုန်မြို့ ဘုန်းကြီးလမ်းနှင့်လတ္ထာလမ်းကြား (ယခင် ဖရေဇာ၊ ယခု အနော်ရထာလမ်းရှိ) ဆရာကြီးဦးထွန်းဦး အလွတ်ပညာသင်ကျောင်းမှ အင်္ဂလိပ်-မြန်မာ(၉)တန်းအောင်မြင်ပြီး (၁၀)တန်း တက်နေစဉ် ၁၃၀၀-ပြည့် အရေးတော်ပုံပေါ် ပေါက်လာ၍ဖခင်မှပြန်လာခေါ်သောကြောင့် ကောလင်း သို့ ပြန်ခဲ့ရသည်။ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ကျဆုံးစဉ် တစ်နိုင်ငံလုံး ကျောင်းသား သပိတ်တွင် သပိတ်မှောက်ကျောင်းသား တစ်ဦး အဖြစ်ပါဝင်ခဲ့ပြီး ၁၉၃၈-၃၉-၄၀ နှစ်များတွင် တို့ဗမာ အစည်းအရုံးဝင် သခင်လူငယ်များနှင့်လက်တွဲပါဝင်ကာ နယ်ချဲ့ဆန့်ကျင်ရေးလုပ်ရာ၌ ဗမာမွတ် စလင်မြို့ ရွာ ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းရာ တပ်ဖွဲ့ဒုခေါင်း ဆောင်၊ တပ်ဖွဲ့အတွင်းရေးမှူး အဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရပြီး ဗမာ့လက် ရုံးတပ်၏ မဟာမိတ် အဖြစ်နှင့် နယ်ချဲ့ဆန့်ကျင်ရေးကို လုပ်ဆောင် ခဲ့သည်။

၁၉၄၂-ခုနှစ် ဂျပန်များ ကောလင်းသိမ်းပြီးစဉ် (B.I.A)တပ်ဦးကို ရဲဘော်သုံး ကျပ်ဝင် ဗိုလ်ဘုန်းမြင့်ရောက်ရှိလာပြီး မြို့မျက်နှာဖုံးလူကြီးများနှင့် လူငယ် များကိုခေါ်ယူကာ မြို့နယ်အုပ်ချုပ်ရေးတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ ဖွဲ့စည်းရာ၌ မီးသတ်ဗိုလ်အဖြစ်လည်းကောင်း၊ အုပ်စု(၂)၏ခေါင်းဆောင် အဖြစ်လည်း ကောင်း တာဝန်ယူရသည်။၁၉၄၃-ခုနှစ် မဟာမိတ်တပ် များပြန်လည်ထိုး စစ်ဆင်လာစဉ် ဒုတိယအကြိမ် စစ်ပြေးဘ၀ဖြင့် ကန့်ဘလူမြို့နယ် အနောက် ဘက် (၁၂)မိုင်ခန့်အကွာရှိ ဘုတ္တောရွာသို့ မိသားစုအားလုံး သွားရောက် ခိုလှုံရာ ၌ ဦးကိုကိုလေးသည် ဒုက္ခသည်အများစုနေထိုင်ရာ အမရပူရ ဘုံးအိုးတိုက်နယ်သို့ သွားရောက်နေထိုင်ခဲ့သည်။ မိသားစုအရေးထက် တိုင်းပြည် အရေးကို အလေးနက်ထားခဲ့ခြင်းပင်။၁၉၄၃-ခုနှစ်  အမရပူရမြို့ ဘုံးအိုးတိုက်နယ်တွင်အာရှလူငယ်အဖွဲ့အစည်းမှစာကြည့်တိုက်မှူးအဖြစ်လည်းကောင်း၊ စစ်ပြေးဒုက္ခသည်များ၏ လူမှုရေးတာဝန်များကိုအာရှလူငယ် အဖွဲ့ဝင်(၃၀၀)ခန့်မှ လက်ရွေးစင် လူ(၃၀)ရွေးချယ်ပြီး ဂျပန်တော်လှန်ရေး မြေအောက်ဖွဲ့စည်းရာတွင် ရွေးချယ်ခံရကာ (၁) စစ်ကိုင်း-မြစ်ကြီးနား မီးရထား လမ်း တစ်လျှောက်မြစ်ကြီးနားမှ ချီတက်လာမည့်မဟာမိတ် တပ်ဦး နှင့်ဆက်သွယ်ရန်၊ (၂) ဂျပန်တပ်အခြေအနေစုံစမ်းရန်၊ (၃) ရသမျှလက်နက်စု ဆောင်းပေးရန် တာဝန်ယူခဲ့ရသည့်အတွက် ကောလင်းမြို့နယ်၌ လျှို့ဝှက်စွာ သိမ်းဆီးထားခဲ့သော (၃၀၃)ကျည်ဆံ (၃၀၀၀)ကျော်ကို ဆန်ကုန်သည်ဟန် ဆောင်ကာ ဆန်အိတ်များတွင်ထည့်၍ ပ/ဒု/တ အကြိမ်သယ်ယူပြီး နောက်စတုတ္တ အကြိမ်သယ်ဆောင်ရန်သွားစဉ် ဂျပန်ကင်ပေတိုင်မှာ အလုပ်လုပ် နေသူ သူငယ်ချင်းဦးဘရီက တဲခိုရာသို့ လာရောက်ပြီး ဂျပန်ဆန်ဂိုဒေါင်မှ ပျောက်နေသော ဆန်အိတ်များ ခိုးယူသူခင်မောင်အား ဖမ်းချုပ်စစ်ဆေးရာမင်းကိုတဆင့်ရောင်းတယ်လို့ထွက်ဆိုထားတယ်။ ဒါကြောင့် ဂျပန်ကမင်းကိုဖမ်းဖို့စောင့်နေတယ်။ မိုးမလင်းခင် ကောလင်းမှ ပြန်သင့်တယ် လို့ သတိပေးမှုကြောင့် စဉ်းစားမနေတော့ပဲ ကောလင်းမှ မီးရထားသံလမ်းအတိုင်း မပီဝိုးတ၀ါးလရောင်ကိုအားပြု၍ ခြေလျင်လျှောက် ခဲ့ချိန်ဟာ ညဥ့်(၁)နာရီမှာပါ။ ညဥ့်(၂)နာရီမှာ ဂျပန်များက ဖမ်းဆီးရန် တဲခိုအိမ် သို့လာရောက်မေးမြန်းကြကြောင်းသိခဲ့ရသည်။ ကိုးတောင်ဘို့ ဘူတာအနီး ရောက်ရှိသော်လည်း စောလွန်း၍ ဘူတာထဲဝင်ရန်ခက်နေစဉ် မီးမွှေးနေသော တဲတစ်လုံးကို ခပ်လှမ်းလှမ်းမှမြင်ရ၍သွားရောက်ကြည့်ရာ အကြော်ရောင်း သည့် တဲဖြစ်နေသဖြင့် အကြော်စားရန်စောင့်ရင်း အချိန်ဖြုန်းခဲ့ရပြီး ည(၇) နာရီ ရထားနှင့် ရထောင်သို့ ပြန်ခဲ့ရသည်။ စစ်ကိုင်းမှငှက်နှင့်ကူးပြီး ဘုံးအိုးရောက်ကာ တာဝန်ခံထံ အကြောင်းစုံသတင်းပို့ရသည်။ သယ်ခဲ့သမျှ သော ကျည်တောင့်များကို ဖ.တ.ပ.လ ခေါင်းဆောင်မှတဆင့် ဗိုလ်မှူးဗထူး တပ်သို့ အပ်ခဲ့ရသည်။ (အသက်ကို အရင်းအနှီးပြုရသော ကာလတစ်ရပ်ပင်)

၁၉၄၄-ခုနှစ်တွင် ကျွန်းလှမှဖြစ်၍ ချီတက်လာသော မဟာမိတ်တပ်ဖွဲ့ (၃၃)နှင့်ဆက်သွယ်ကာ (၁) ဂျပန်တော်လှန်ရေးအတွက် မဟာမိတ်တပ်နှင့် ပူးပေါင်း ဆောင်ရွက်ရန် (၂) လက်နက်အကူအညီပေးရန် (၃) ဆေးဝါးအကူ အညီပေးရန် ဆွေးနွေးမှုအတွက် တာဝန်ပေးအပ်ခြင်းခံခဲ့ရပြီး ထိုနှစ်မှာပင် (C.A.S.B)စစ်အုပ်ချုပ်ရေးအဖွဲ့မှ ဖမ်းဆီး၍ ရွှေဘိုထောင်တွင် (၇)လနှင့် (၁၅)ရက်နေခဲ့ရသည်။
၁၉၄၅-ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏တိုက်တွန်းချက်အရ အမျိုးသားခေါင်း ဆောင်ကြီး ဦးရာဇတ်မှ ခေါင်းဆောင်ကာ ဗမာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်မ် ကွန် ဂရက်(ဗ.မ.က)အဖွဲ့တွင် အာရှလူငယ်အဖွဲ့ဝင်များကို ပါဝင်စေခဲ့ရာ မန္တလေးခရိုင် ဗ.မ.က တွင် စည်းရုံးရေးမှူးအဖြစ်လည်းကောင်း၊ ဗ.မ.ကမှ တာဝန်ပေးသည့် ဖ.ဆ.ပ.လ ဦးစီးအဖြစ် တာဝန်ယူခဲ့ရပြန်သည်။ နိုးကြားရေး အဖွဲ့တွင်လဲ ပါဝင်ခဲ့သည်။၁၉၄၉-ခုနှစ် တွင် ဖခင်ကြီးကွယ်လွန်၍ ကောလင်းမြို့ သို့ပြန်ကာ ကုန်သည်အဖြစ်နှင့် မိခင်နှင့်ညီနှမငယ်တို့အား တာဝန်ယူပြီး စီးပွားရေးပြေလည်မှုရှိသောကြောင့် ၁၉၅၀-ခု သြဂုတ်လတွင် ပါရမီဖြည့်ဘက် ချစ်ဇနီး၊ သား(၂)ယောက်နှင့်အတူ ရန်ကုန်မြို့သို့ ပြောင်း ရွေှ့ခဲ့ပြီး ၁၉၅၁-ခုအစပိုင်းတွင် စာရေးဆရာ ဗန်းမော်တင်အောင်၏စင်တင် ပေးမှုဖြင့် စာပေစင်မြင့်ပေါ်သို့ ရောက်ရှိခဲ့ပြီး ဂျာနယ်များ၊ စာစောင်များနှင့် သတင်းစာတို့တွင် ဆောင်းပါးပေါင်း(၁၂၀)ကျော်၊ ၀တ္ထုတို(၁၂)ပုဒ်ကျော်၊ လုံးချင်း(၁၂)အုပ်တို့ကို ရေးသားပြုစုခဲ့သည်။၁၉၅၂-ခုနှစ်တွင် ရန်ကုန်ခရိုင် ဗ.မ.က အတွင်းရေးမှူးအဖြစ် တာဝန်ယူရင်း ရန်ကုန်မြို့တော်ဝန်၏ ရန်ကုန်မြူနီစပါယ်အတိုင်ပင်ခံအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၁၉၅၃-၅၄-၅၅ ခုနှစ်များတွင် ရန်ကုန်စံပြထောင် ဆေးရုံကြီး အကြံပေးအဖွဲ့ဝင်အဖြစ် အသီးသီး တာဝန်ယူခဲ့ရသည်။ ၁၉၅၆-ခု စက်တင်ဘာလ(၃၀)ရက်နေ့တွင် ၀န်ကြီးချုပ်ဦးနု၏ အမိန့်အာဏာဖြင့် ဗ.မ.က ကို ဖျက်သိမ်းခဲ့ရသည်။ ထိုအစည်းအဝေးသွားရောက်မည့်နေ့တွင် ၂-နှစ်ကျော်အရွယ် သားငယ်သည် အလ္လာ့အမိန့်တော်ကျရန် နာရီပိုင်းမျှသာလိုတော့ကြောင်းသိသော်လည်း တစ်မျိုးသားလုံးအရေးအတွက် ရင်သွေးငယ်ကိုထားရစ်ကာ ထွက်သွားခဲ့ ရသော ဖခင်တစ်ယောက်၏ဝေဒနာ အဘယ်မျှရှိမည်လဲ။ ပြန်လာချိန်တွင် သားငယ်၏အသက်ကို မမှီလိုက်တော့ပါ။၁၉၅၆-ခု အောက်တိုဘာ (၁)ရက်နေ့ တွင် တိုင်းပြုပြည်ပြုလွှတ်တော် ကျိုက္ခမီအမတ် ဦးသန်းမြင့်(B.A.B.L)မှ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော ဗ.မ.ကသစ်ကို ပြန်လည်ဖွဲ့စည်းရာတွင် အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ရသည်။ ဗ.မ.ကသစ်သည် ပ.မ.ည.တ တပ်ပေါင်းစုတွင် တပ်တစ်တပ်အဖြစ် ပါဝင်ခဲ့ရာ ပ.မ.ည.တ အမတ် လောင်းအဖြစ်လည်း တာဝန်ယူခဲ့ရပြန်သည်။ နိုင်ငံတော်နှင့် အမျိုးသားချစ်စိတ်ကြောင့် ထောင်နန်းစံခဲ့ရသည့်အကြိမ် (၃)ကြိမ်ထက် မနည်းခဲ့ပေ။

၁၉၇၀ မှ ၁၉၇၈ ခုနှစ်များတွင် ရန်ကုန် ဘားလမ်းမွတ်စလင်မ်ကုသိုလ်ဖြစ်ဆေးရုံ အုပ်ချုပ်မှုအဖွဲ့တွင်လည်းကောင်း၊ အစ္စလာမ်သာသနာ ရေးရာ ကောင်စီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့(၉)ဦး ဦးဆောင်အဖွဲ့ တွင်ပါဝင်ခြင်းနှင့် အစ္စလာမ်ဓမ္မဗိမာန်တွင် (၆)နှစ်မျှ ၀န်ထမ်းတာဝန် ထမ်းဆောင်ခဲ့သည်။

၁၉၇၈-ခုနှစ်တွင် စီးပွားရေးလုပ်ငန်းတာဝန်တစ်ခုနှင့် မိသားစုလိုက် မန္တလေး သို့ ပြောင်းရွေှ့ခဲ့ကြသည်။၁၉၈၀-ခုနှစ်တွင် ရဟန်းပျိုအဖွဲ့ချုပ် ဥက္ကဋ္ဌ အဂ္ဂမဟာ ပဏ္ဍိတ ဆရာတော် ဦးဇောတိက ဈာပနအခမ်းအနားတွင်ပါဝင်ရန် ဖိတ်ခေါ်သဖြင့် တိုင်းရင်းသားပေါင်းစုံ ဘာသာပေါင်းစုံချစ်ကြည်ရေးကို ရှေ့ရှု လျက် ပြန်ကြားရေးဆပ်ကော်မတီတွင် အတွင်းရေးမှူးအဖြစ် ပါဝင်ပေးခဲ့ သည်။ ထိုအကြောင်းကိစ္စကြောင့် အကျိုးတရားရရှိပုံမှာ တောင်ကြီး တွင်ဖြစ်ပွားသော ဘာသာရေးပရိပက္ခသည် အခြားဒေသများသို့ ကူးစက် မလာအောင် ပသီဦးစိုး၊ Dr.ကျော်ငြိမ်း၊ ပသီဦးကိုလေးတို့နှင့် ဆရာတော်ကြီးများ ပူးပေါင်းကာကွယ်ပေးနိုင်ခဲ့သည်။ ၁၉၈၈-ခု နောက်ပိုင်း ပါတီများထူထောင်ရာတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ညီညွတ်သောလူမျိုးစုများ အဖွဲ့ကို ထူထောင်စဉ် လူမျိုးပေါင်းစုံပါဝင်၍ ဥက္ကဋ္ဌအဖြစ် ထမ်းရွက်ခဲ့သည်။ နောင် ပါတီဖျက်သိမ်းပြီးသောအခါ နိုင်ငံရေးမှ အနားယူခဲ့ပြီး စာရေးစာဖတ် လူမှုရေးလုပ်ငန်းများနှင့် ဘာသာရေးအသင်းအဖွဲ့များတွင် ကျရာကဏ္ဍမှ တာဝန်ယူခဲ့၍ ရပ်ကွက်အတွင်း အ.မ.က(၁၇)တွင် နာယကအဖြစ် လည်းကောင်း၊ ရပ်ကွက် သာရေးနာရေးအသင်း နာယကအဖြစ် လည်း ကောင်း၊ မြို့လုံးဆိုင်ရာ တမန်တော်ကော်မတီတွင်အဆင့်ဆင့်တာဝန်ယူပြီး နောက်ဆုံးရာသက်ပန်နာယကအဖြစ်ဆောင်ရွက်ရင်းလည်းကောင်း၊ အစ္စလာမ် သာသနာရေးရာကောင်စီဌာနချုပ်၏နာယကအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

တိုင်းရင်းသား အစ္စလာမ်သာသနာဝင်တို့၏ အနာဂတ်အရေးကို မျှော်တွေး တိုင်း သမိုင်းသာလျှင် ခိုင်လုံသောသက်သေအဖြစ် သိနားလည်၍ မြန်မာနိုင်ငံ အတွင်းနေထိုင်ကြသော တိုင်းရင်းသားအစ္စလာမ်သာသနာဝင်တို့ “အား”ဖြစ် စေမည့် “မြန်မာနိုင်ငံနှင့်အစ္စလာမ်သာသနာ”ဟူသော စာမျက်နှာ (၄၀၀) ကျော်ရှိ သမိုင်းတစ်စောင်ကို အထောက်အထား အကိုးအကား ခိုင်လုံတိကျ စွာဖြင့် ဖော်ပြပေးနိုင်ခဲ့သလို အစ္စလာမ့်အဆင့်မြင့်သင်တန်းများ၊ အာန်ဆွာရီ သင်တန်းများတွင် သမိုင်းဘာသာရပ်ကို တာဝန်ယူပို့ချပေးခဲ့သည်။ အနာဂတ် ၏ ပိုင်ရှင်များဖြစ်သော မြို့နယ်အသီးသီးမှ ထွန်းတောက်သော သင်တန်းသားအများစု၏ တောင်းဆိုချက်အရ အနာဂတ်လူငယ် မောင်မယ်

များလျှောက်လှမ်းရမည့်လမ်းကြောင်းကို မီးမောင်းထိုးပြသည့် အစ္စလာမ့် ဗဟုသုတဆိုသည့် စာစဉ်လေးကို အလ္လာဟ်အရှင်မြတ်၏ သဘောတူညီမှုဖြင့် နောက်ဆုံးထုတ်ဝေနိုင်ခဲ့သည်။

၂၀၀၁-ခုနှစ် ဖေဖော်ဝါရီလ(၁၈)ရက် အစ္စလာမ်သာသနာရေးရာ ကောင်စီ ဌာန ချုပ်အမှုဆောင် စုံညီအစည်းအဝေးသို့တက်ရောက်ရန် မန္တလေးမြို့မှ ရန်ကုန်သို့သွားရာ ရန်ကုန်မြို့တွင်ပင် အလ္လာဟ်အရှင်မြတ် အမိန့်တော် ခံယူသွားပါသည်။

တိုင်းပြည်နှင့် အမျိုးဘာသာ သာသနာအတွက် အဘက်ဘက်မှ တာဝန်ကျေ ခဲ့သော ပသီဦးကိုကိုလေးသည် နောက်ဆုံးထွက်သက်အထိ မိမိတာဝန်ကို ထမ်းဆောင်ရင်း သမိုင်းကမ္ဗည်းကို လှပစွာရေးသွားနိုင်ခဲ့သည်။ အစ္စလာမ့် ဗဟုသုတ စာစဉ်လေးသည် နှလုံးသွေးဖြင့်ရေးခဲ့သော စာအုပ်ဖြစ်ခဲ့သဖြင့် ဆွေမျိုးဥာတကာတို့က ဂုဏ်ယူမိကြပေမယ့် ကြေကွဲဝမ်းနည်းမဆုံးကြသလို အစ္စလာမ်ရေးရာအဖွဲ့အစည်းအသီးသီးနှင့် လူပုဂ္ဂိုလ်အများစုကပင် တစ်မျိုး သား လုံးအတွက် တောက်ပနေသော ကြယ်တစ်ပွင့် ကြွေလွင့်သွားကြောင်း အနယ်နယ်အရပ်ရပ်မှ ၀မ်းနည်းသ၀ဏ်လွှာများမှာ ယခုတိုင် ရောက်ရှိ နေဆဲပါ။ ပသီဦးကိုကိုလေးအား အလ္လာဟ်အရှင်မြတ်သည် အကောင်း ပကတိမှ (၄၅)မိနစ်တာ တိုတောင်းလှသော အချိန်အတွင်းမှာ နွေးထွေး ယုယမှု မဟာကရုဏာတော်အပြည့်ဖြင့် လွယ်ကူညင်သာစွာခေါ်ယူသွားသလို ဦးကိုကိုလေးကိုယ်တိုင်မှာလည်း အပြန်လမ်းကို အောင်ပန်းတွေ တစ်ပွေ့ တစ်ပိုက်နဲ့ ကလေမာဟ်တော်ကို အားမာန်အပြည့်ဖြင့် ကိုယ်တိုင်ဆိုရင်း သတ္တိရှိရှိ ကျေကျေနပ်နပ်လိုက်ပါသွားခဲ့သည့်ရက်မှာ – ဟစ်ဂျရီသက္ကရာဇ် ၁၄၂၁-ခုနှစ် ဇုလ်ဟိဂ်ျဂျဟ်လ (၂၈)ရက်၊ မြန်မာသက္ကရာဇ် ၁၃၆၂-ခု တပေါင်းလဆန်း(၁)ရက်၊ ခရစ်သက္ကရာဇ် ၂၀၀၁-ခုနှစ် ဖေဖော်ဝါရီ(၂၂)ရက် ကြာသပတေးနေ့ နံနက်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာန၌ အလ္လာ့ဟ်အမိန့်တော်နာခံပြီး သောကြာနေ့ ဂျွမ္မာဆွလာသ်အပြီး ရန်ကုန်မြို့ လယ်ရွာကဘာရ်စတာန်တွင် ဒဖွနာခဲ့၍ တခဏခိုနားရာနေရာမှ ထာဝရခိုနား ရာ သို့ ရောက်ရှိခဲ့သည်။ပသီဦးကိုကိုလေး၏ အနှစ်(၆၀)ကျော် လှုပ်ရှားခဲ့ သော ကိုယ်ရေးအထုပ္ပတ္တိကို ပြည့်စုံအောင်ပြောမည်ဆိုလျှင် (၂၄)နာရီမျှ ကမည် မထင်ပါ။ ရရှိသောအချိန်အတွင်း အတိုချုံးထားသည်မို့ မြန်မာ့နိုင် ငံရေးဇာတ်ခုံပေါ်မှ အချို့လုပ်ရပ်များကို ချန်ထားခဲ့ရပါသည်။
ပသီဦး ကိုကိုလေး အထိမ်းအမှတ်ကော်မတီ ဖွဲ့စည်းသည့်နေ့တွင် သမီးဖြစ် သူမှ ဖတ်ကြားပေးခဲ့သည့်ပသီဦးကိုကိုလေးကိုယ် ရေးအထုပ္ပတ္တိအကျဉ်းမျှ သာဖြစ်ပါသည်။

(ပသီဦးကိုကိုလေး အကြောင်းကို မေးပို့ပေးတယ် သူငယ်ချင်းကို MMSY ကိုယ်စားကျေးဇူးအများကြီးတင်ပါကြောင်း)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s